နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီး၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ပြိုင်ပွဲဝင် အသင်းများ၊ ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။
ပြိုင်ပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ယခု ထမနဲ ထိုးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ဘိုးဘွားအစဉ်အဆက် လက်ဆင့် ကမ်းထိန်း သိမ်းလာခဲ့သည့်အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုတို့ တည်တံ့နေခြင်းဖြစ်ကြောင်း၊ ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးနှင့် ဘာသာစာပေလည်း ပျောက်ကွယ်မှာဖြစ်ကြောင်း၊ မျိုးချစ်စိတ်ရှိသူတိုင်းက မိမိတို့အစဉ်အလာကောင်းများကို မပျောက်ပျက်အောင်ကြိုးပမ်းလေ့ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုရေး ဦးတည်ချက်တွင် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးဟူသော အချက်လည်းပါရှိကြောင်း၊ ထမနဲထိုးခြင်းသည် တစ်ဦးကောင်းတစ်ယောက်ကောင်းနှင့် ဆောင်ရွက်နိုင်သည့် ကိစ္စမဟုတ်ဘဲ အားလုံး တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှသာ အောင်မြင်နိုင်သည့် ကိစ္စဖြစ်သည့်အတွက် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအစီအစဉ်များကို စတင်သည်။
ဆုများပေးအပ်ချီးမြှင့်
ယခုကျင်းပသည့် ထမနဲထိုးပြိုင်ပွဲသို့ နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဌာနကိုးခုတို့မှ ပြိုင်ပွဲဝင် အသင်းများက ပါဝင်ယှဉ်ပြိုင်ကြကာ အနိုင်ရရှိသည့် အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်