နေပြည်တော် ဖေဖော်ဝါရီ ၁၅
ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘော တူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်ညနေပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာပွင့်ဆန်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်း၊ ဒုတိယဥက္ကဋ္ဌများနှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌက ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းတို့ ကငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။
အာဆီယံနိုင်ငံများ၏ ဘုံသဘောတူညီချက် Blue Economy for the Blue Ocean အစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ရှိနေသကဲ့သို့ အမျိုးသားဇီဝမျိုးစုံမျိုးကွဲမဟာဗျူဟာနှင့် စီမံချက် (National Biodiversity Strategic Action Plans) ၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှု ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ များ၏ လုပ်ငန်းစဉ်များအရ မြန်မာနိုင်ငံရေပြင်အတွင်း ကမ်းရိုးတန်းသယံဇာတ ရေရှည်တည်တံ့စေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ နိုင်ငံအဆင့်မူဝါဒနှင့် လိုက်လျောညီထွေသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် သဘာဝငါးပုစွန်ဖမ်းဆီးမှုနှင့် ငါးပုစွန်မွေးမြူရေး လုပ်ငန်းများအပြင် ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်း များဆိုင်ရာ ငါးလုပ်ငန်းသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး၏ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်တန်ဖိုး၏ ၀ ဒသမ ၅ ရာခိုင်နှုန်း သုတေသနရန်ပုံငွေ အဖြစ် ထည့်ဝင်၍ အစိုးရနှင့် ပုဂ္ဂလိကအကြား သုတေသနပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)