နေပြည်တော် ဖေဖော်ဝါရီ ၁၄
ထိုင်းနိုင်ငံက ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ Virtual စနစ်ဖြင့် ကျင်းပ ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလအတွင်း ချီးမြှင့်ခဲ့သည့် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆု (ASEAN Outstanding Social Welfare and Development Award -AOSWADA) ရရှိခဲ့သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အား ဆုပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
တက်ရောက် အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဒုတိယဥက္ကဋ္ဌ၊ နာယကနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျ ဆောင်ရွက်လျက်ရှိပြီး အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် လည်းကောင်း၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၅ ခုနှစ်တွင် လည်းကောင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း။ ။
ကိုဗစ်-၁၉ ကာလအတွင်း အာဆီယံအစည်း အဝေးများကို Virtual စနစ်ဖြင့် ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံက ဦးဆောင်၍ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလအတွင်း ချီးမြှင့်ခဲ့သည့် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆု (ASEAN Outstanding Social Welfare and Development Award) ရရှိခဲ့သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အတွက် များစွာ ဂုဏ်ယူမိကြောင်း။
ဆုယှဉ်ပြိုင်ရာမှာ တင်သွင်းခဲ့သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်သည် ကျေးလက်နေ အမျိုးသမီးများအတွက် များစွာအကျိုးကျေးဇူး ရရှိစေမည်ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ကြောင်း၊ အာဆီယံလုပ်ငန်းဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖြစ်စေ၊ လူမှုဝန်ထမ်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်စေ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ (NGOs) များ၏ အခန်းကဏ္ဍသည် များစွာအရေးပါ သည့်အတွက် နောင်လာမည့် အာဆီယံလုပ်ငန်းစဉ်များနှင့် လူမှုဝန်ထမ်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အာဆီယံထူးချွန်ဆု ယှဉ်ပြိုင်ရာတွင် တင်သွင်းခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် ပတ်သက်၍ ဗီဒီယို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သတင်းစဉ်