Skip to main content

နေပြည်တော်မှာ ပြုလုပ်တဲ့အခမ်းအနားတွေထဲမှာ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပွဲဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်ကလာတဲ့ မိတ်ဆွေတွေ တိုင်းရင်းသားတွေလည်း စုံစုံလင်လင် လာရောက်ကြတယ်၊ ပြည်သူများအနေနဲ့ လာရောက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်

နေပြည်တော် ဖေဖော်ဝါရီ ၁၄

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဂုဏ်ပြုယာဉ်များနှင့် ရိုးရာယဉ်ကျေးမှုအလိုက် ကပြဖျော်ဖြေမှုများကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်နှင့် တိုင်းရင်းသားရိုးရာ အစားအစာများကို တစ်နေရာတည်းတွင် ဝယ်ယူစားသုံးနိုင်ရန် ယနေ့တွင်လည်း နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဆက်လက်ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်များနှင့်အတူ ရိုးရာယဉ်ကျေးမှုအလိုက် ကပြဖျော်ဖြေသူများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသူများနှင့် လာရောက်ကြည့်ရှု လေ့လာကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

ဦးလှမျိုးအောင်

(မွန်ရိုးရာအစားအစာ ရောင်းချသူ)

ကျွန်တော်တို့ မွန်ရိုးရာစားသောက်ဆိုင်မှာ ရရှိနိုင်တဲ့အစားအစာတွေကတော့ ကြာရိုးငါးဟင်း၊ မရမ်းသီးဝက်သားဟင်း၊ ခရမ်းသီးငါးပိအစပ်ချက်၊ အာလူးသုပ်၊ ဝက်နံရိုးသပြုသီးချက်၊ ကြက်သားငါးပိစပ်ချက် အဲဒီအစားအစာတွေကို ရောင်းချပါတယ်။ လာရောက်ကြည့်ရှုလေ့လာသူတွေ အများဆုံးစားတာကတော့ ကြာရိုးငါးဟင်း၊ ကြက်သားငါးပိချက်ပါ။ ပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနား ကျင်းပတဲ့နေ့ကတည်းက မွန်အစားအစာကို တော်တော်လေးအားပေးကြပါတယ်။ မွန်အစားအစာကို သုံးသိန်းဖိုးလောက် ရောင်းရတယ်။ ကျွန်တော့်အသက် ၅၀ အတွင်းမှာ ဒီလိုခမ်းခမ်းနားနား ကျင်းပတဲ့ ပွဲလမ်းသဘင်မတွေ့ခဲ့ဖူးဘူး။ အခုလို အခမ်းအနားဖြစ်မြောက်အောင် လုပ်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေက ပွဲငတ်နေကြတာဗျ။ သွားရမလား၊ မသွားရဘူးလား ဝေခွဲမရတဲ့ ပြည်သူတွေလည်း ရှိမှာပါ။ သွားချင် ပေမယ့် တကယ်ရော ဟုတ်ရဲ့လားဆိုတဲ့ အတွေးတွေ စိတ်ထဲဝင်နေကြတာလည်း ပါမှာပါ။ တကယ်တမ်းကျတော့ ပြပွဲတွေ စဖွင့်တဲ့နေ့ကတည်းက အများကြီး လာကြပါတယ်။ ည ၈ နာရီ ပိတ်မယ်ပြောတာတောင် ၉ နာရီလောက်မှာ မနည်းပိတ်ပြီဆိုတာ ပြောယူရတယ်။ ဒီနေ့ဆိုရင် မြင်တဲ့ အတိုင်းပဲ အလုပ်သမား ၂၀ လောက်နဲ့ ချက်နေရတယ်။ ဒီနေ့ရောင်းအား ၁၀ သိန်းဖိုးလောက်ထိ ရှိမယ်လို့ မှန်းထားပါတယ်။

မပတ္တမြားနွယ်

(ရခိုင်ရိုးရာအစားအစာ ရောင်းချသူ)

ကျွန်မကတော့ ရခိုင်ပြည်နယ် ရမ်းဗြဲ ကပါ။ အခုလောလောဆယ်တော့ နေပြည်တော်မှာ နေပါတယ်။ ရခိုင်ရိုးရာအစား အစာထဲမှာ အဓိကရောင်းချတာ ကတော့ မုန့်တီပါ။ ပြီးတော့ ရခိုင်က အခုမှစထုတ်တဲ့ ဒေသထွက် ဓနိဝိုင်၊ ဓနိဖူးလက်ဖက်ခြောက်၊ ဓနိသကာရည်၊ ပယင်းရတနာ၊ ပယင်းလိမ်းဆေး ဖျန်းဆေး/ ရှူဆေးနဲ့ သံလိုက်ဆီလိမ်းဆေးတွေကို အဓိက ရောင်းချပါတယ်။ မနေ့ကဆိုရင် လာရောက်ဝယ်ယူ စားသုံးသူများတော့ ရခိုင်မုန့်တီဆို အစောကြီးကတည်းက ကုန်သွားပါတယ်။ ဓနိဝိုင်တွေဆိုရင်လည်း အများကြီးရောင်းရပါတယ်။ ပယင်း သံလိုက်ဆီ လိမ်းဆေးဆိုရင် ဒီနေ့ ခင်းကျင်းရောင်းချဖို့တောင် မရှိသလောက် ဖြစ်သွားပါတယ်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြုလုပ်တဲ့ပွဲဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အထင်ကရတွေကို ကြည့်ရှုခံစားလို့ရသလို တိုင်းရင်းသားရိုးရာ အစားအစာတွေ အားလုံး တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ အပြင် ဈေးနှုန်းတွေ ကလည်း သင့်တင့်တဲ့အတွက် ပြည်သူတွေအားလုံးအနေနဲ့ လာရောက်ကြပါဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ကိုသီဟသူရ

(ကယားရိုးရာအစားအစာ ရောင်းချသူ)

ဒီဆိုင်မှာရှိတဲ့ အစားအစာကတော့ ကယားဝက်အူချောင်း၊ ကယားဟင်းထုပ်။ ကယားအာလူးသုပ်၊ ကယားငှက်ပျော ဖူးသုပ်၊ ကယားရိုးရာ ခေါင်ရည်တွေကို အဓိကရောင်းချပါတယ်။ ဒီဆိုင်ကို လာပြီး အဓိက လာအားပေးကြတာ ကတော့ ကယားဝက်အူချောင်းနဲ့ ကယား ဟင်းထုပ်ပါ။ ဒါ့ပြင် ကယားရိုးရာ ခေါင်ရည်ကိုလည်း လာပြီးအားပေးကြပါတယ်။ ဈေးနှုန်းကိုတော့ လာရောက်တဲ့သူတွေ စားသုံးနိုင်အောင် အတတ်နိုင်ဆုံး ဈေးနှုန်းချိုသာအောင် ရောင်းချပေးလျက် ရှိပါတယ်။ စည်စည်ကားကားနဲ့ လာရောက် လည်ပတ်ကြတာမြင်ရတော့ ဝမ်းသာပါတယ်။ မနေ့ကဆိုရင် မနက်ခင်း ၈ နာရီ ကနေ ည ၈ နာရီအတွင်းမှာ ကယားရိုးရာ အစားအစာကို ခြောက်သိန်းဝန်းကျင် လောက်အထိ ရောင်းချခဲ့ရပါတယ်။ နောက်နေ့လည်း ဒီနေ့လို စည်စည်ကားကားနဲ့ လာရောက်ကြ လိမ့်မယ်လို့ ထင်ပါတယ်။

ကိုကောင်းဇော်

(ရွှေမှုံသနပ်ခါးထုတ်လုပ်ရောင်းချသူ)

ကျွန်တော်ကတော့ ရွှေမှုံသနပ်ခါးကို ကိုယ်ပိုင်ထုတ်လုပ်တာဖြစ်ပြီး ကျွန်တော် တို့ လာရောက်ပြသရတဲ့ ရည်ရွယ်ချက် ကတော့ ပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားတွင် မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပေါင်းစုံရှိတဲ့အနက် ဗမာတိုင်းရင်းသား တို့ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ သနပ်ခါးဟာ ရှေးမြန်မာတွေ လက်ထက်ကတည်းက သုံးစွဲခဲ့တဲ့ သနပ်ခါးဖြစ်လို့ အဓိကထားပြီး လာရောက်ပြသခြင်းဖြစ်ပါတယ်။ ပြည်နယ် တော်တော်များကလည်း မြန်မာ့သနပ်ခါးကို နှစ်သက်ကြပါတယ်။ ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက သုံးစွဲလာခဲ့ကြတာဖြစ်လို့ မြန်မာ့သနပ်ခါးဟာ တိုင်းရင်းသားတွေနဲ့လည်း အကျွမ်းဝင်ဆုံးနဲ့ ဆေးဖက်ဝင်ပစ္စည်း တစ်ခုလို့လည်း ပြောရမှာဖြစ်ပါတယ်။ လာရောက်ကြည့်ရှု လေ့လာကြသူတွေ များပြားတဲ့အတွက်လည်း သနပ်ခါး ပါကင် ၈၀၀ လောက်အထိ ရောင်းချခဲ့ရ ပါတယ်။ မနက်ဖြန်ကျရင်လည်း ဒီထက်မက ရောင်းအားတိုးလာလိမ့်မယ်လို့ ထင်ပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ အခမ်းအနားတွေထဲမှာ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပွဲတစ်ပွဲလည်း ဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်ကလာတဲ့ မိတ်ဆွေတွေရှိသလို တိုင်းရင်းသားတွေလည်း စုံစုံလင်လင် လာရောက်ကြတာတွေ ရှိပြီး ပြည်သူများအနေနဲ့ လာရောက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

မရွှေဇင်ဝင်း

(လာရောက်လေ့လာသူ)

ကျွန်မက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာက လာရောက် လည်ပတ်လေ့လာတာပါ။ ဖေဖော်ဝါရီ ၁၂ ရက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို တီဗွီကမြင်ပြီး ဒီဂုဏ်ပြုယာဉ်ကြီးတွေ အပြင်မှာ မြင်ဖူးချင်လိုက်တာဆိုပြီး တွေးမိပါတယ်။ တွေးမိတဲ့အတိုင်း၊ တပေါင်းကွင်းမှာ ဂုဏ်ပြုယာဉ်နဲ့ ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့တွေကို ခင်းကျင်း ပြသထားတယ်ဆိုတာ သိရတော့ မိသားစု လိုက်သွားကြည့်မယ်ဆိုပြီး လာရောက် လေ့လာကြည့်ရှုတာဖြစ်ပါတယ်။

ဒီဂုဏ်ပြုယာဉ်ကြီးတွေပေါ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အထင်ကရနေရာတွေကို ခင်းကျင်းပြသထားတဲ့အတွက် တစ်နေရာတည်းနဲ့ တိုင်းရင်းသားဒေသအနှံ့ ရောက်ရှိသွားသလိုမျိုး ဗဟုသုတတွေ ရရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရိုးရာ အစားအစာတွေလည်း အစုံအလင် ရရှိတဲ့အတွက် မိမိကြိုက်နှစ်သက်ရာ အစားအစာတွေကို ၀ယ်ယူသုံးဆောင်နိုင်ပါတယ်။ ကျွန်မကတော့ ကရင်ရိုးရာအစားအစာဆိုင်က ကရင်အစားအစာတွေကို ကြိုက်နှစ်သက်တဲ့အတွက် ဂယ်ယူအားပေး ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာလည်း ည ၁၀ နာရီအထိ ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။ လာရောက် လည်ပတ်ကြပါလို့ ကျွန်မအနေနဲ့လည်း ဖိတ်ခေါ်ပါတယ်။

မဖြူဖြူအောင် (လာရောက်လေ့လာသူ) ကျွန်မတို့ သူငယ်ချင်းတွေနဲ့ စုဖွဲ့ တိုင်ပင်ပြီး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့မှာ ဂုဏ်ပြုခဲ့တဲ့ ဂုဏ်ပြုယာဉ်တွေ အပါအဝင် တိုင်းရင်းသား အစားအစာတွေပါ ရောင်းချပေးမယ် ဆိုတာသိရလို့ လာဖြစ်ကြတာပါ။ အခု မကွေးတိုင်းဒေသကြီး ဂုဏ်ပြုယာဉ်နဲ့ ရိုးရာယဉ်ကျေးမှုအကအဖွဲ့တွေရဲ့ ကပြဖျော်ဖြေမှုတွေကို ကြည့်ရှုခဲ့ရပါတယ်။ ဂုဏ်ပြုယာဉ်ကြီးပေါ်မှာ ခင်းကျင်းပြသထားမှုတွေ သူငယ်တော်အကတွေ၊ ဆံရစ်ဝိုင်းအကတွေ၊ မကွေးတိုင်းဒေသကြီးမှာ ရေနံတူးနေတဲ့ သရုပ်ဖော်ပြသမှုတွေ အစုံအလင် လေ့လာခွင့်ရပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်တွေပေါ်ကိုလည်း တက်ရောက်ပြီး လေ့လာကြည့်ရှုဦးမှာပါ။

အစားအစာရောင်းချမှုပိုင်းမှာ ဒေသအသီးသီးက ထွက်ကုန်တွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချပေးတဲ့အတွက် ၀ယ်ယူအားပေးသူတွေ အနေနဲ့လည်း သင့်တင့်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာလည်းသွားရောက်ကြည့်ရှု လေ့လာနိုင်ပါသေးတယ်။ ကျွန်မ တစ်သက်မှာ ဒါမျိုး အခုမှကြုံဖူးတဲ့ အတွက် လူတိုင်းကိုလည်း ဗဟုသုတရစေချင်ပါတယ်။ သွားရောက်ကြည့်ရှုကြပါလို့ အကြံပြုချင်ပါတယ်။

ပြုံးပြုံးရီ

(ဖျော်ဖြေသူ၊ ပွင့်ဖြူခရိုင်၊ ရုံးကြီးကျေးရွာ)

ညီမတို့ လာရောက်ဖျော်ဖြေရတာက မကွေးတိုင်းဒေသကြီးရဲ့ ကိုယ်စားပြု လာရောက်ဖျော်ဖြေကြ ပါတယ်။ ညီမ တို့ ဆံရစ်ဝိုင်း အဖွဲ့က (၇၅) နှစ်နောက် စိန်ရတုပြည်ထောင်စုနေ့မှာ မကွေးတိုင်းဒေသကြီး ကိုယ်စားပြုနဲ့ တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဆံရစ်ဝိုင်း အယောက် ၂၀ ထဲမှာ အုပ်စုလေးတွေ့ခွဲပြီး ကပြတဲ့အဖွဲ့ရယ်၊ ဗိုင်းငင်တဲ့ အဖွဲ့ရယ်။ မြန်မာ့ရိုးရာကစားနည်း ကြက်ဖခွပ်တန်း ကစားနည်းရယ်၊ ဆန်ပြောတဲ့သူက ပြာတယ်၊ ထမင်းချက်တဲ့အဖွဲ့ က ထမင်း ချက်တယ်၊ အဲဒီလို ကဏ္ဍအသီးသီးတွေနဲ့ ဖျော်ဖြေကြပါတယ်။ ။

အခုလို ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာ ယဉ်ကျေးမှုစရိုက်တွေကို အများကြီး လေ့လာခွင့်၊ ဖလှယ်ခွင့်တွေရတာဟာ အလွန်ကို တန်ဖိုးရှိပါတယ်။ ဒီလိုပွဲတွေ ကျင်းပပေးတာကြောင့် တစ်နေရာတည်းမှာပဲ တိုင်းဒေသကြီး ပြည်နယ်မှာရှိတဲ့ ဒေသထွက်ကုန်နဲ့ ရိုးရာယဉ်ကျေးမှုတွေကို တ၀ကြီး လေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း ပြည်သူတွေအနေနဲ့ လာရောက် လေ့လာကြပါလို့ ဖိတ်ခေါ်ပါတယ်။ ။

တွေ့ဆုံမေးမြန်း-နိုင်ဟိန်းထက်

ဓာတ်ပုံ-ဇော်ဘီ