နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA)နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသလို နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူများ စားဝတ်နေရေး အဆင်ပြေပြီး စိတ်ချမ်းသာစွာ သွားလာနေထိုင်နိုင်ရေးကိုလည်း အလေးထား ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ပါက မြန်ဆန်စွာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကြီးကို အချိန်တိုအတွင်း ခမ်းနားထည်ဝါစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ပြည်သူများ၊ ဝန်ထမ်းများ၊ တာဝန်ရှိသူများအားလုံး၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပါကြောင်း။ မိမိအနေဖြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့မှ တာဝန်ရှိသူများကို လေးစားအားကိုး ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအား ဘာသာတရား အခြေခံသဘောတရားများကို သိရှိအောင် အဖွဲ့မှ တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ ဘာသာတရားအပေါ် နားလည်ယုံကြည်မှုရှိလျှင် စိတ်သဘောထား ရင့်ကျက်ခိုင်မာလာမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း မီဒီယာနည်းလမ်းပေါင်းစုံဖြင့် ပြည်သူလူထုထံ သတင်းမှန်များ ပျံ့နှံ့ရောက်ရှိစေရေး ဆောင်ရွက် လျက်ရှိပြီး ဆက်လက်၍လည်း အားလုံးနှင့် ပိုမို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေးကို အဓိကထားပြီး အားပေးမြှင့်တင်ပေးလျက်ရှိသလို တိုင်းပြည်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ အနေဖြင့်လည်း နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းက အသင်းဖွဲ့စည်း ဆောင်ရွက်နေမှုများ၊ ၃၈ ဖြာ မင်္ဂလာတရားတော်နှင့် အဘိဓမ္မာသင်တန်းတို့ကို အွန်လိုင်းမှ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် YMBA အသင်း အတွင်းရေးမှူးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
သတင်းစဉ်