Skip to main content

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂၀၁၈)ကို ပြဌာန်းပြီးနောက် လက်ရှိအစိုးရ တစ်နှစ်တာကာလအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ နည်းဥပဒေ အသစ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂၄/၂၀၂၁ဖြင့် အတည်ပြုထုတ်ပြန် ခဲ့ပြီးဖြစ်ရာ အဆိုပါ နည်းဥပဒေ အသစ်တွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ချမှတ်ပေးနိုင်ရေးအတွက် ကောက်ခံထားသင့်သည့် အာမခံကြေးနှုန်းထားနှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိ ထားသူများထံမှ ခေတ်ကာလနှင့်လျော်ညီသော အာမခံကြေးများ၊ နှစ်စဉ်ကြေး မြေခွန်တော်များ ဆက်လက် ကောက်ခံမည့် နှုန်းထားများ သတ်မှတ်နိုင်ရေးနှင့် အပြည့်အဝကောက်ခံ ရရှိရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်အတွက် အာမခံကြေးနှုန်းထားနှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများထံမှ နှစ်စဉ်ကြေး မြေခွန်တော် ဆက်လက်ကောက်ခံမည့် နှုန်းထားများဆိုင်ရာ ကိစ္စရပ်များ၊  အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မြေခွန်နှုန်းထား သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၈-က(ခ) အရ အယူခံ ဝင်ရောက်လာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိပြီးသော်လည်း လုပ်ငန်းအကောင်အထည်ဖော်ရန် စည်းကမ်းတွင် ပါဝင်သည့် သတ်မှတ်ကာလ(၄)နှစ် ပြည့်မြောက်ချိန်အထိ လက်တွေ့မြေပြင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးသည့် မြေများအား ပြန်လည်သိမ်းဆည်းရန် ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူများထံမှ မြေခွန်များ အပြည့်အဝ ကောက်ခံရရှိရေး ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)