ရန်ကုန် ဖေဖော်ဝါရီ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များဖြစ်သော ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်း အမှတ်စဉ်(၃၁)နှင့် ပစ္စည်းထိန်းသင်တန်းအမှတ်စဉ်(၈) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူအင်အား ၁၂၅ ဦးတို့ တက်ရောက်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အဆင့်ဆင့်သောဝန်ထမ်းများကို အရည်အသွေးထက် မြတ်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာ စေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးရသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းများကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၂၅ ရက်ထိ ရက်သတ္တ ၆ ပတ်ကြာ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)