နေပြည်တော် ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်)၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထမနဲထိုးယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။
ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်အကဲဖြတ် အမှတ်ပေးကြပြီး ပြိုင်ပွဲဝင်အသင်းများအား ဌာနအလိုက် အိုးစည်ဒိုးပတ်များ၊ အကအခုန်များဖြင့် အားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပထမဆုရရှိသည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဌာနအသင်းကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဒုတိယဆုရရှိသည့် ငွေကြေးလုပ်ငန်း စီမံခန့်ခွဲမှုဌာန အသင်းကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တတိယဆုရရှိသည့် စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနအသင်း ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များက နှစ်သိမ့်ဆုရရှိသည့် အသင်းများ ကိုလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)