နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ၏ အလုပ်ခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယခုသင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှစပြီး ရက်သတ္တပတ် (၅)ပတ်ကြာ စာတွေ့/လက်တွေ့ လေ့ကျင့် သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း။ သင်တန်းဆင်းဝန်ထမ်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန် တိုင်းဒေသကြီး / ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
သင်တန်း အဓိကရည်ရွယ်ချက်သည် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်ကိုက်ညီသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူ၍ မိမိတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်ကြောင်း။
သင်တန်းသူ/သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်မှချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေများ၊ နည်းဥပဒေများအပြင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသောဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာကြရန်လိုကြောင်း။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီလိုက်နာပြီး ဌာနအသီးသီး၏ ပေးအပ်သည့်တာဝန်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက အဆောက်အဦဦးစီးဌာန မှ (၃၇) ဦး ၊ လမ်းဦးစီး ဌာန မှ (၁၄၂) ဦး၊ တံတားဦးစီးဌာနမှ (၂၈) ဦး၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန မှ (၁၆၄) ဦး ၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ (၈၂)ဦး၊ စုစုပေါင်း သင်တန်းသူ/သင်တန်းသား (၃၅၃) ဦး ကိုယ်စား သင်တန်းသူ / သင်တန်းသားအဖွဲ့ခေါင်းဆောင်များကို သင်တန်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)