Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄ 

အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနဦးစီးမှူး၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အနက် အမှတ်စဉ် (၁) ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး စီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားတိုင်း ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိရာ နိုင်ငံသားများ သည် ဥပဒေနှင့်အညီ မဲပေးရမည်ဖြစ်ကြောင်း၊ ယခုမဲစာရင်းများပြုစုရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သည့်နေရာတွင် မဲဆန္ဒရှင်စာရင်းနှင့်ပတ် သက်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး၊ ဥပဒေနှင့်အညီ ပါဝင်ရမည့်သူများ ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့်သူများ မပါဝင်စေရေး၊ မဲပေးပိုင်ခွင့်ရှိ သူများ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို အထူးအလေးထား၍ မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်းပုံစံ ( ၆၆ / ၆ ) အပေါ်အခြေခံပြီး ပြုစုလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခု အနက် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေတို့၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုပြီးဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင်လည်း မကြာမီ လုပ်ငန်းပြီးစီးတော့မည်ဖြစ်ကြောင်း။

ယနေ့တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၌ ပြုစုပြီးဖြစ်သည့် အခြေခံမဲဆန္ဒရှင်စာရင်း များကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး သည့် ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန (အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန)နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း ပန်းခင်းစီမံချက်အရ မှတ်ပုံတင်မရှိသေးသူများကို မှတ်ပုံ တင်ပြုလုပ်ပေးလျက်ရှိပြီး နိုင်ငံသားကတ်ရသင့်ရထိုက်သူများကို မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့်လည်း ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း မြေပြင်တွင် အမှန်တကယ်နေထိုင်သည့် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် တိကျမှန်ကန်သော လူဦးရေစာရင်းများ ရရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများ ပူးပေါင်းပါဝင်၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့‌ဆောင်ရွက်ခြင်းသည်လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံဝန်ထမ်းများအားလုံး အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။

မဲစာရင်းများစစ်ဆေးခြင်း  ရှေ့ပြေးလုပ်ငန်းစဉ်များအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းပုံစံ ( ၆၆ / ၆ ) အရ ကြိုတင်စာရင်း ပြုစုထားပြီးဖြစ်သည့် လူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြေပြင် လက်ရှိနေထိုင် လျက်ရှိသည့် လူဦးရေစာရင်း (ထွေ - ၁ က)များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိများ၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ခံအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးများ ပါဝင်သောအဖွဲ့တို့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက်စာရင်းများကို ကွန်ပျူတာ နည်းပညာကို အသုံးပြု၍ အပြန်အလှန် စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ် )