Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၇)အထည်စက်ရုံ (မြစ်သား) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၄

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဖေဖော်ဝါရီ (၁၃) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ရှိ အမှတ် (၇) အထည်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် အဆင့်မြင့်ချည်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများ အချိန်မီရရှိရေး စီမံဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ အလွယ်တကူမရရှိနိုင်သည့် စက်ပစ္စည်းများကိုလည်း တီထွင်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ချည်များ ထုတ်လုပ်ရာတွင် ချည်လုံးညီညာမှုရှိအောင်နှင့် သတ်မှတ်ဆွဲဆန့်အားအထိ ကျော်လွန်ခိုင်ခံ့မှုရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ချည်များ ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းကိရိယာများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ အချိန်တိုအတွင်းပြီးစီးရန် ဝန်ထမ်းအားလုံးက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ဝါ ဝယ်ယူရေးလုပ်ငန်းများကို သတ်မှတ်စည်းမျည်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် လေလွှင့်မှုမရှိရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာအပြည့်ဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး စီမံချက်များရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်ထားရန်နှင့် မီးငြှိမ်းသတ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်း ပြည့်စုံစွာ ဖြည့်ဆည်းထားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ချည်မျှင်များထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ ပြုပြင်မွမ်းမံနေသည့် အခြေအနေနှင့် အဆင့်မြင့်ချည်များ စမ်းသပ်ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)