Skip to main content

အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများပါဝင်သည့် တရားမမှုများဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများပါဝင်သည့် တရားမမှုများဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၅၅)ဦးတို့ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤသင်တန်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ ဥပဒေပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်နေကြသော ဥပဒေအရာရှိများသည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမ မူလမှု၊ အယူခံမှု၊ အထူးအယူခံမှု၊ ပြင်ဆင်မှုနှင့် အထွေထွေလျှောက်ထားမှုများနှင့် စပ်လျဉ်း၍ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင် ရွက်ခြင်းပြုရန် တာဝန်ရှိသည့် အားလျော်စွာ ယင်းတရားမမှုများတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကိုယ်စား တရားလို သို့မဟုတ် တရားပြိုင် အဖြစ် တာဝန်ယူဆောင်ရွက်ရသည့် အရာထမ်းများနှင့် အမှုလိုက်ပါ ဆောင်ရွက်ပေးရသည့် ဥပဒေအရာရှိများကို  စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်နှင့် တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄) ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် လည်းကောင်း ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

 အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း ပါဝင်သည့် တရားမမှု တစ်မှုရှုံးနိမ့်ခဲ့မည်ဆိုပါက နိုင်ငံတော်အတွက် ဘဏ္ဍာငွေများအပါအဝင် အခြားသောဆုံးရှုံးမှုများ ဆုံးရှုံးစေခြင်းပင်ဖြစ်သောကြောင့် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းက တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမှုများတွင် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကိုယ်စား တရားလို သို့မဟုတ် တရားပြိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရသည့် အရာထမ်းများနှင့် အမှုလိုက်ပါဆောင်ရွက် ပေးရသည့် ဥပဒေအရာရှိများသည် တာဝန်အလွန်ကြီးမားပါကြောင်း၊ ထို့ကြောင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကိုယ်စား တရားလို သို့မဟုတ် တရားပြိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရသည့် အရာထမ်းများနှင့် အမှုလိုက်ပါဆောင်ရွက်ပေးရသည့် ဥပဒေအရာရှိတို့သည်  အပြန်အလှန် ဟန်ချက်ညီညီ လက်တွဲညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကိုယ်စား တရားလို သို့မဟုတ် တရားပြိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရ သည့် အရာထမ်းများနှင့် အမှုလိုက်ပါ ဆောင်ရွက်ပေးရသည့် ဥပဒေအရာရှိတစ်ဦးဦး၏ လိုအပ်ချက် တစ်ရပ်ရပ်ကြောင့် အမှုရှုံးနိမ့်ရသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများအပါအဝင် အခြားသောဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ပို့ချပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းတက်ရောက်ခွင့်ရသည့် သင်တန်းသားများ အနေဖြင့် ထူးမြတ်သည့် အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)