Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူမျိုးဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၅၀၆၀ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၇၅၅၅ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနှစ်ခုတို့မှ ဒေသခံပြည်သူ ၇၄၂၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်