Skip to main content

တရားမဝင်ကျွန်းသစ်၊ စားသောက်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ဆိုင်ကယ် သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက ဝေါမြို့နှင့် ရွှေသံလွင်တိုးဂိတ်အကြား ရှောင်တခင်စစ်ဆေးရာ စားသောက်ကုန်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၂၁၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အရေးယူဆောင်ရွက်လျက်ရှိ

အလားတူ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက် စစ်ဆေးရာ တောင်ငူနှင့် ပြည်ခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်ကျွန်းသစ် ၆ ဒသမ ၇၃၄၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁၀၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ရာ လေရှီးမြို့နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ်၂၃၃၁၁၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်