နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို မလိုလားသည့် PDF အမည်ခံ အကြမ်းဖက် သမားများက အခြေခံပညာ အထက်တန်းကျောင်းခွဲဝင်းအတွင်းရှိ ဆရာ၊ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်း ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ယမ်းကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းခွဲဝင်းအတွင်းရှိ ဆရာ၊ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်း ၁ လုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ၂၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ပျဉ်ခင်း၊ ဝါးကာနေအိမ်လိုင်းခန်း ၁ လုံး(တန်ဖိုးငွေ ၃၀၀,၀၀၀ ကျပ်ခန့်) မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။