Skip to main content

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများအား တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကား သိုက်မြိုက်စွာကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်း အား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဖတ်ကြားကြသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုစသည့် ပြခန်းများ ကိုလည်းကောင်း၊ အားကစားပြိုင်ပွဲ များကိုလည်းကောင်း တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသူများအား တိုင်းရင်းသားရိုးရာ အစားအစာ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လမ်း၊ တံတား၊ အဆောက်အဦများ၊ အားကစားကွင်းများနှင့် ဌာနဆိုင်ရာ ပြခန်းများအား ဖွင့်လှစ်ပေး ခဲ့ကြောင်းနှင့် ညပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသ တို့၌ ရောင်စုံမီးပန်းအလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်