Skip to main content

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGO အဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုတို့ကို လေ့လာကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGO အဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ “မာရဝိဇယ” ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုတို့ကို သွားရောက်လေ့လာ ကြည်ညိုကြသည်။

ရှေးဉီးစွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGO အဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်သောလေ့လာရေး အဖွဲ့အား ရှင်းလင်းဆောင်၌ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇော်နိုင်ဉီးက ရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒါခံယူ၍ ရုပ်ပွားတော် မြတ်ကြီးထွင်းထု ဆောင်ရွက်နေမှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအား အပိုင်းအလိုက် စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း များဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင် ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးပူဇော်မည့် အခြေအနေ၊ ပလ္လင်တော်များအား ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်နေမှု၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့် ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့သည် ရုပ်ပွားတော်မြတ်ကြီးပုံစံငယ်များ၊ ကျောက်စာနမူနာများနှင့် ပိဋကတ်ကျောက်စာရုံ ပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီးတည် ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ် များကို ကြည့်ရှုလေ့လာကြပြီး ပလ္လင်တော်များနေရာချထားမှုနှင့် ခေတ်မီစက်များဖြင့် ထုဆစ်နေမှုတို့ကို မော်တော်ယာဉ်ငယ် များဖြင့် လှည့်လည်လေ့လာကြည်ညိုကြသည်။

အလားတူ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ၎င်းတို့၏ဇနီးများသည်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများကို လာရောက်လေ့လာကြည့်ရှုကြရာ ရှင်းလင်း ဆောင်၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ရုပ်ပွား တော်ထုဆစ်ရန် စကျင်ကျောက်တုံးတော်များအား အပိုင်းလိုက် အဆင့်ဆင့်သယ်ဆောင်ခဲ့ရမှု၊ ပလ္လင်တော်များ နေရာချထားမှုနှင့် ဗုဒ္ဓရုပ်ပွားတော်အား ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပုံဖော်ထုဆစ်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်း တည်ဆောက်သွားမည့် သာသနိက အဆောက်အဉီပုံစံငယ်များကို လေ့လာကြည့်ရှုကြပြီး မော်တော်ယာဉ်ငယ်များဖြင့် ပလ္လင်တော်များနေရာချထားမှုနှင့် ခေတ်မီစက် များဖြင့် ထုဆစ်နေမှု များကို လှည့်လည်လေ့လာကြည်ညိုကြသည်။

သတင်းစဉ်