ရန်ကုန် ဖေဖေါ်ဝါရီ ၁၂
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final တတိယအဆင့် သီချင်းသီဆိုမှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မှုကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရန်ကင်းမြို့နယ် ပြည်သာယာရှိ မြဝတီ မီဒီယာစင်တာ၌ ကျင်းပရာ ရန်ုကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
Grand Final တတိယအဆင့်ပြိုင်ပွဲတွင် တိုင်းရင်းသားပြိုင်ပွဲများဖြစ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးမှ MF 03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF 04 ဇော်ထွေးလတ်၊ ဧရာဝတီ တိုင်းဒေသကြီးမှ ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ MF 07 ချိုမီမီဇော်နှင့် ပဲခူးတိုင်း ဒေသကြီးမှ MF 10 ချစ်နု စုစုပေါင်း(၅)ဦးက ပြဌာန်းတေးသီချင်း တစ်ပုဒ်နှင့် စိတ်ကြိုက် တေးသီချင်း တစ်ပုဒ် စုစုပေါင်းနှစ်ပုဒ်စီဖြင့် ယှဉ်ပြိုင်သီဆိုခဲ့ကြပြီး The Ensemble တေးဂီတ အဖွဲ့က တီးခတ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက်တူယှဉ်နွှဲပျော် ဂီတပွဲတော် Grand Final တတိယအဆင့်တွင် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပနိုင်ရန် အကဲဖြတ်ဒိုင် များ၏ ပေးမှတ် ၆၀ ရာခိုင်နှုန်းနှင့် ပရိသတ်များက Voting ပေးမှတ် ၄၀ ရာခိုင်နှုန်းတို့ကို မဲရေတွက်နေစဉ်အတွင်း နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် တေးသံရှင် ဆိုတေး၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် တေးသံရှင် ဂျင်းနီနှင့် မြန်မာ့အသံ တိုင်းရင်းသား ဝန်ထမ်း တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပေးပို့ သည့် ဝမ်းမြောက်ကျေးဇူးတင်စကား ဗီဒီယို မက်ဆေ့ဖြင့် ပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အထူးဆုရ ပြိုင်ပွဲဝင် (၅) ဦးဖြစ်သည့် မကွေးတိုင်းဒေသကြီးမှ MF 01 မြတ်နိုးစံ၊ ရန်ကုန်တိုင်းဒေသကြီးမှ MF 02 ကြူကြူခိုင်၊ ကချင်ပြည်နယ်မှ MF 05 အရိန့်၊ ကရင်ပြည်နယ်မှ MF 08 ချမ်းဟိန်းဝင်းထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ MF 09 ဈာန်ထူးတို့ကို မြန်မာနိုင်ငံဂီတ အစည်းအရုံး ဗဟိုဥက္ကဋ္ဌ ဦးလွင်မြင့်ကလည်းကောင်း၊ ထူးချွန်ဆုရပြိုင်ပွဲဝင် စစ်ကိုင်းတိုင်း ဒေသကြီးမှ MF 03 ရေဂျီနားအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးဇေယျက လည်းကောင်း၊ ထူးချွန်ဆုရပြိုင်ပွဲဝင် မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ် အား ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးကလည်းကောင်း၊ တတိယဆုရ ပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းက လည်ကောင်း၊ ဒုတိယဆုရပြိုင်ပွဲဝင် ဧရာဝတီ တိုင်းဒေသကြီးမှ MF 07 ချိုမီမီဇော်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကလည်းကောင်း အသီသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရ ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးမှ MF 06 ဇင်သူသူထွန်းအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ဆုချီးမြင့်ပေးအပ်သည်။
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final တတိယ အဆင့် သီချင်းသီဆိုပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သိန်း(၁၀၀)၊ ဒုတိယဆု ငွေကျပ်သိန်း(၆၀)၊ တတိယဆု ငွေကျပ်သိန်း(၄၀)၊ ထူးချွန်းဆုတစ်ဦးလျှင် သိန်း(၂၀)၊ အထူးဆု(၅) ဆုအတွက် တစ်ဦးလျှင် (၁၀) သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့သည်။
တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့ ညတိုင်း ကျင်းပခဲ့ရာ အုပ်စုပြိုင်ပွဲများဖြစ်သော ပထမအဆင့်ပွဲစဉ်တွင် အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးမှုအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒုတိယ အဆင့်နှင့် တတိယအဆင့် ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အမှတ်ပေးမှုအပြင် ပရိသတ်အနေဖြင့် MPT နှင့်် Mytel Sim Card များကို အသုံးပြု၍ Voting မဲပေးကြသည့် မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များကို Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့မဲပေးခြင်းကို အရေအတွက် အကန့်အသတ် မရှိဘဲ MPT Sim card များမှ ကုတ်နံပတ် 7522 သို့လည်းကောင်း၊ Mytel Sim Card များမှ ကုတ်နံပါတ် 7574 သို့လည်ကောင်း SMS ဖြင့် ပြိုင်ပွဲ၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုဇော်
ဓာတ်ပုံ - လတ်လတ်(MNA)