နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ရွှေကမ္ဘာ ငွေစု ငွေချေးသမဝါယမအသင်းတို့ ပူးပေါင်းဆောင်ရွက်သော သဘာဝမြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီသဘာဝမြေသြဇာစက်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ၊ တောင်သူဦးကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တောင်သူများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် သဘာဝမြေသြဇာများကို အသုံးပြုပါက ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးနှင့် ကိုက်ညီစေမည့် သီးနှံများ ထုတ်လုပ် နိုင်စေရန်အတွက် လိုအပ်ချက်များကို သမဝါယမ ကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းမှ နို့စားနွားမွေးမြူရေးလုပ်ငန်းအပြင် နို့နှင့် နို့ထွက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချလျက်ရှိရာ မွေးမြူထားသည့် နွားများမှ ထွက်ရှိလာသော နွားချေးများကို သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးကို ရွှေကမ္ဘာ ငွေစုငွေချေး သမဝါယမအသင်းမှ ပံ့ပိုးပေးခဲ့ ပြီး စက်ရုံပိုင်းနှင့် မြေဩဇာထုတ်လုပ်မှုအပိုင်းကို စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းက ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ရုံမှ ထုတ်လုပ်သည့် သဘာဝမြေဩဇာသည် မြေဩဇာကော်မတီမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေဩဇာမှတ်ပုံတင်ခွင့်ပြုမိန့်ရရှိပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် သဘာဝဓာတ်မြေဩဇာ သုံးစွဲပါက မြေသားဖွဲ့စည်းမှုကောင်းခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အစိုဓာတ်ကို ကြာရှည် ထိန်းထားနိုင်ခြင်း၊ ပုလဲ၊ တီစူပါနှင့် ပိုတက်ဓာတ် မြေဩဇာများတွင် ပါဝင်သည့် အဓိကအာဟာရဓာတ် (၃)မျိုးလုံးအပြင် အကျိုးပြုဗက်တီးရီးယားများနှင့် အခြားအာဟာရ ဓာတ်များလည်း ပါဝင်နေခြင်း၊ သီးနှံပင်သက်တမ်း တစ်လျှောက်လုံး အကျိုးပြုနိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။
ယခုထုတ်လုပ်သည့် သဘာဝမြေသြဇာကို စပါး တစ်ဧကလျှင်လေးအိတ်နှုန်း သုံးစွဲပါက လုံလောက်မည်ဖြစ်ပြီး ကီလိုဂရမ် ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀ နှုန်းသာ ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာတွင် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ အရိုးမှုန့်၊ ဂျစ်ပဆင်ကျောက်မုန့်၊ တီကျစ်စာ၊ ဘိုင်အိုချား စသည် ကုန်ကြမ်းများကို နေပြည်တော်နှင့် အခြားသော တိုင်းဒေသကြီး/ပြည်နယ်များမှ ချိတ်ဆက် မှာယူပြီး ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုစက်ရုံတွင် အဓိကထုတ်လုပ်သည့် သဘာဝမြေသြဇာ အရည်အသွေးများ သတ်မှတ်စံနှုန်းများနှင့်အညီ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်ဆောင်ရွက်နိုင်ရေးနှင့် ထွက်ရှိလာသည့် သဘာဝဓာတ်မြေသြဇာများကိုလည်း သမဝါယမအသင်းအဆင့်ဆင့် ချိတ်ဆက်ပြီး တောင်သူများထံသို့ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ဈေးကွက်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့်သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံလုပ်ငန်းခွင်၊ စပါးစမ်းသပ်စိုက်ခင်းနှင့် နွားမွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်