Skip to main content

ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ၌ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် တိုင်းရင်းသား ရိုးရာအစားအစာများ မိတ်ဆုံစားပွဲ ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် တိုင်းရင်းသား ရိုးရာအစားအစာများ မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများ   စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားကျောင်းသူများ၏ အသင်းလိုက် ထမနဲထိုးပြိုင်ပွဲနှင့် တိုင်းရင်းသား ရိုးရာအစားအစာများ ချက်ပြုတ်ပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုရအသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်ဧည့်သည်တော်များသည် ပြည်ထောင်စု တိုင်းရင်းသားများ၏ ရိုးရာအစားအစာများဖြစ်သော ထမနဲ၊ ရှမ်းခေါက်ဆွဲ၊ မွန်သင်္ကြန် ထမင်း၊ မွန်ရိုးရာ ပီလောပီနံ နနွင်းမကင်း၊ ရခိုင်မုန့်တီ၊ မြိတ်ကတ်ကြေးကိုက်၊ ထားဝယ်ငှက်ပျောသီးပေါင်း၊ ချင်းရိုးရာငှက်ပျော ကြက်သားသုပ်၊ ချင်းရိုးရာသင်္ဘောသီးထောင်း၊ ချင်းရိုးရာခေါင်ရည် စသည့် အစားအသောက်များကို စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများနှင့်အတူ လက်ရည်တစ်ပြင်တည်း တပျော်တပါး စားသုံးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)