Skip to main content

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေအပ်နှင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ  ၁၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တာဝန်ခွဲဝေအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး က ယခုကဲ့သို့ တာဝန်ခွဲဝေအပ်နှင်းခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ပြီး တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကိုလည်း စနစ်တကျဖြေရှင်း ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပပြီးမြောက်သည်အထိ အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူမိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ရရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ မိမိတို့၏ တိုင်းပြည်နှင့် တိုင်းရင်းသားလူမျိုးများအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း  ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က  တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးများအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းပေးကြစေလိုပါကြောင်း၊  တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေအပ်နှင်းခြင်းဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထိုမှတဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မာ လာမည်ဖြစ်ပြီး  ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ကယားပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်လှ၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကို၊ ချင်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တနင်္သာရီတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ပဲခူးတိုင်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းအောင်၊ မကွေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ရခိုင်ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးတင်လှ၊ ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဧရာဝတီတိုင်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ် တို့ကို တစ်ဦးချင်းစီ တာဝန်ခွဲဝေအပ်နှင်းလွှာများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများကိုယ်စား ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် က ကျေးဇူးတင်စကား ပြောကြားသည်။

(သတင်းစဉ်)