နေပြည်တော် ဖေဖော်ဝါရီ ၁၀
မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force)၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ဥက္ကဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အဖွဲ့ဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ Task Force အဖွဲ့၏ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအဆင့် (Phase-1) သည် မကြာမီအချိန်အတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် Phase 2 အတွက် အာဆီယံကလှူဒါန်းမည့် အကူအညီများ လက်ခံရယူရာ၌ မူဝါဒချမှတ်နိုင်ရေး၊ ပစ္စည်းများအား အမှန်တကယ် လိုအပ်နေသူများထံသို့ လုံခြုံစွာနှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး၊ မိမိနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့်ပစ္စည်းများ လက်ခံရရှိရေးတို့အတွက် Task Force အဖွဲ့ဝင်များ အားလုံးအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အာဆီယံအတွင်းရေးမှူးချုပ် ရုံး၊ AHA Centre တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေ၊ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဒုတိယအဆင့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်ထားသည့် စီမံချက်နှင့် အကူအညီများ ဖြန့်ဖြူးရာတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်