Skip to main content

မွန်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ လွှတ်တော်သို့ သွားရောက်လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

နေပြည်တော်၌ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲမည့် မွန်ပြည်နယ်မှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော် အဆောက်အအုံအတွင်း ဧည့်ကြိုဆိုရေးအဆောင်၌ ပြသထား သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်ဖြစ်သော ယွန်းထည်ဆွမ်းအုပ်ကြီးနှင့် သစ်အမျိုးအစား ၉၂ မျိုးတို့ကို စိတ်ဝင်တစား လေ့လာကြပြီး မှတ်တမ်း တင်ဓာတ်ပုံများ ရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမနှင့် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမများသို့ ဆက်လက်လေ့လာကြရာ တာဝန်ရှိသူများက လွှတ်တော်အဆောက်အအုံ ဖွဲ့စည်းမှုဆိုင်ရာ ဗဟုသုတမှတ်သားဖွယ်ရာများ၊ လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ပုံများနှင့် လွှတ်တော်ရေးရာ ဗဟုသုတများကို ရှင်းလင်းပြောကြားကြသည်။

စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ရန်အတွက် နေပြည်တော်သို့ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များသည် နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာရေး ခရီးစဉ်အဖြစ် အဖွဲ့လိုက် လေ့လာလျက် ရှိကြကြောင်း သိရသည်။

သတင်းစဉ်