Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူး အထွေထွေရောဂါကုဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖေါ်ဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

လိုအပ်ချက်များ တင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သောင်းလှိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆေးရုံအစည်းအဝေးခန်းမ၌ မကွေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးမှူးက ဆေးရုံသမိုင်းအကျဉ်း၊ ဒေသခံပြည်သူများအား ခွဲစိတ်ကုသခြင်း၊ သားဖွားမီးယပ်ရောဂါကုသခြင်း၊ အရိုးရောဂါကုသခြင်း၊ မျက်စိရောဂါကုသခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါကုသခြင်းနှင့် အခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆေးရုံကြီးအတွင်း ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု၊ သင်ကြားရေးဆေးရုံအဖြစ် ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ICU ခန်းများ ပြင်ဆင်ထားရှိမှု၊ ခွဲစိတ်ခန်းနှင့် ကလေးကုသ ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ဆေးရုံ၏ လိုအပ်ချက်များကို တင်ပြသည်။

ဆေးရုံအတွင်း ပြည့်စုံမှုရှိ

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်စက် ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ မြို့နယ်များသည် မင်းဘူးဆေးရုံကြီးတွင် ကုသမှု ခံယူရကြောင်း၊ ဆေးရုံအတွင်း ပြည့်စုံမှုရှိသည်ကို တွေ့ရှိရပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ဆေးရုံအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံတွင် လာရောက်ပြသသည့် လူနာများအဆင်ပြေစွာဖြင့် ကုသနိုင်ရေး စီမံဆောင်ရွက်ပြင်ဆင်ထားရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဆေးရုံကြီးအတွက် ဆေးပဒေသာပင် ရန်ပုံငွေကျပ်သိန်း ၁၅၀ နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်