Skip to main content

စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ New Power စက်ရုံ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ၊   နေပြည်တော်ကောင်စီမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းနည်းပြ ဆရာ/ ဆရာမများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း မြင့်မားလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ် (၁၂၃)ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အဖြစ် စက်မှုဖွံ့ဖြိုးပြီး မိတ်ဖက်နိုင်ငံများ၏ နည်းပညာအထောက်အပံ့များဖြင့် စက်မှုသင်တန်း (၆)ကျောင်းကို ဖွင့်လှစ်၍ နှစ်စဉ် စက်မှုကျွမ်းကျင်လုပ်သား (၁၀၀၀)ဦးခန့်ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိစေရေးအတွက် မုံရွာမြို့နှင့် သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်း (၂)ကျောင်း ထပ်မံတည်ထောင်ထားပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်မှုသင်တန်းကျောင်းများတွင် (၁)နှစ်၊ (၂)နှစ်နှင့် ကာလတို (၃)လ သင်တန်းများ ဖွင့်လှစ်လျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စက်မှုနှင့် အသက်မွေးပညာသင်တန်း (၁၂၂) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၆၃၆၅)ဦးကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံ၍လည်း လိုအပ်ချက် ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း စက်မှုနှင့်အသက်မွေး ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း။

သင်တန်းသားများအနေဖြင့် ဆရာ/ ဆရာမများ၏ လေ့ကျင့်သင်ကြားမှုများကို စိတ်ဝင်တစားဖြင့် နာယူမှတ်သားကြရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းကောင်းဖြင့် သင်တန်းမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုးစားလေ့လာ သင်ယူသွားကြပါရန် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်သူများဖြစ်စေရေး ကျင့်ကြံနေထိုင်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုနှင့် ရွေ့လျားသင်တန်းတွင် အခြေခံ သံဂဟေဆက် ဘာသာရပ် သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ပြင်ဆင် ထားရှိမှု အခြေအနေနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါသင်တန်းတွင် အခြေခံသံဂဟေဆက်နည်း ဘာသာရပ် များကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် ဆောင်ရွက်နေသည့် ဝါရင့်ပညာရှင်များနှင့် အတွေ့အကြုံရှိနည်းပြ ဆရာ/ ဆရာမများမှ (၁၀)ရက်ကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/ သင်တန်းသူ (၄၁)ဦး တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်