နေပြည်တော် ဖေဖော်ဝါရီ ၉
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” နောက်ဆုံးအဆင့် သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် (သောကြာနေ့)ညတွင် ရန်ကုန်မြို့ ပြည်သာယာရှိမြဝတီမီဒီယာစင်တာတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များ ဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီး မှ MF07 ချိုမီမီဇော်နှင့် ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး The Ensemble တေးဂီတအဖွဲ့မှ တီးခတ်ပေးမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှုအပြင် ပရိသတ်များအနေဖြင့် MPTနှင့် Mytel SIM Card များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ်ရာ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း အရေအတွက် အကန့်အသတ်မရှိဘဲ SMS ပေးပို့မဲပေးခြင်းကို MPT Sim Card များမှ ကုဒ်နံပါတ် 7522 သို့လည်းကောင်း၊ Mytel Sim Card များမှ ကုဒ်နံပါတ် 7575 သို့ လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ် ကို ရိုက်နှိပ်၍ ပေးပို့နိုင်မည်ဖြစ်သည်။
အဆိုပါ Grand Final နောက်ဆုံးပွဲစဉ်တွင် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို တစ်ဆက်တည်း ကျင်းပမည်ဖြစ်ရာ Voting မဲရေတွက်စဉ်နှင့် အမှတ်ပေါင်းနေစဉ် နိုင်ငံကျော်တေးသံရှင်များက လည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်