မန္တလေး ဖေဖော်ဝါရီ ၉
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်း ထုပူဇော်မည့် ပိဋကသုံးပုံပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသားထားမှုကို စိစစ်တည်းဖြတ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) စည်းဝေးညီမူရာ ဘာသာပြန်ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ စိစစ်တည်းဖြတ်ရေး ကော်မတီနာယက နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ၊ စိစစ်တည်းဖြတ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် (သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဇောတိက၊ စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူး အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာ သနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စိစစ်တည်းဖြတ်ရေးကော်မတီနာယက ဒေါက်တာဘဒ္ဒန္တကေသရက စိစစ်တည်းဖြတ်ရေးအဖွဲ့ (၄)ဖွဲ့အနေဖြင့် ဆဋ္ဌမူကိုမူတည်၍ အမှားအမှန် စိစစ်ပေးစေလိုကြောင်း၊ အဖွဲ့များအနေဖြင့် ကြီးလေးသော တာဝန်ဖြစ်၍ သမိုင်းမှတ်တမ်းကျန်ရှိနိုင်ရေး အထူးဂရုပြုဆောင်ရွက် သွားရန်လိုကြောင်း ဩဝါဒမိန့်ကြားသည်။
ယင်းနောက် စိစစ်တည်းဖြတ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တဇောတိကက စိစစ်တည်း ဖြတ်ရေးလုပ်ငန်းအတွက် လိုအပ်သော အထောက်အပံ့များကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ဆရာဒကာပူးပေါင်းဆောင်ရွက်ပါက အောင်မြင်စွာ ပြီးစီးမည်ဖြစ်ကြောင်း ဩဝါဒမိန့်ကြားသည်။
ထို့နောက် စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက စိစစ်တည်းဖြတ်ရေးအဖွဲ့ (၄) ဖွဲ့အနေဖြင့်ကျွမ်းကျင်သည့် ဆရာတော်များစုဖွဲ့၍ စိစစ် တည်းဖြတ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဆရာဒကာဆက်ဆံရေးနှင့် ညှိနှိုင်းပူး ပေါင်းဆောင်ရွက်ပါက လုပ်ငန်းအမြန်ပြီးစီးမည်ဖြစ်ကြောင်း မိန့်ကြားသည်။
ဆက်လက်၍ စိစစ်တည်းဖြတ်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြလျှောက်ထားသည်။
ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော တက္ကသိုလ်အသီးသီးမှ ပညာရှင်ဆရာတော်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ က ပိဋကသုံးပုံပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသားထားမှုကို စိစစ်တည်းဖြတ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး စီးမှုကို အသေးစိတ်လျှောက်ထားဆွေးနွေးတော်မူကြသည်။
ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ စိစစ်တည်းဖြတ်ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဆရာတော်တို့က နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြား တော်မူကြကြောင်းသိရသည်။
သတင်းစဉ်