Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းအား သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်    ဖေဖော်ဝါရီ   ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာကံဇော်နှင့်ဇနီး၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြတိုက်ရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် ကကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ် သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့၏ သမိုင်းအကျဉ်းနှင့် မြို့ဟောင်းများ၏ မတူးဖော်မီအခြေအနေ၊ တူးဖော်ဆဲ အခြေအနေနှင့်တူးဖော်ပြီး အခြေအနေများ၊ တူးဖော်ရရှိပြီး နောက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး ၃ ရပ်ဖြင့် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး အဆိုပြုတင် သွင်းခဲ့သည့် အခြေအနေများနှင့် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက “ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ အဖြစ် သတ်မှတ်ခံခဲ့ရသည့် အခြေအနေများ နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ထိန်းသိမ်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ နန္ဒာမွှန်းက သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ၊ အဆောက်အဦများ၊ နေရာများကို ထိန်းသိမ်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း ၃ ခုအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများအဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ 

စနစ်တကျထိန်းသိမ်းဆောင်ရွက်

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများသည် တန်ဖိုးဖြတ်၍ မရသည့်အတွက် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စနစ်တကျ ထိန်းသိမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ် ဧရိယာအတွင်း ရှေးဟောင်းပစ္စည်းများ၊ လက်ရာများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းလုပ်ဆောင်မှုများ မရှိစေရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး တားမြစ်သင့်သည်များကို တင်းတင်းကြပ်ကြပ် တားမြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ကိုင်ဆောင်ရွက်နေသူများကိုလည်း နားလည်မှုရှိအောင် ရှင်းလင်းပြောကြားရမည်ဖြစ်ကြောင်း၊ မြေအောက်တွင်ရှိနေသည့် မြို့ရိုးများနှင့် ရှေးဟောင်း လက်ရာအမွေအနှစ်များသည် ထိခိုက်ပျက်စီးနိုင်မည်ဖြစ်သောကြောင့် တူးဖော်မှုများကို အမြန်ဆုံး ဆောင်ရွက်ရန်လိုပြီး အချိန်မီထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများ ဆက်လက်တူးဖော်မှုနှင့် ထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ခြင်းဖြင့်  တိုင်းပြည်အပေါ် တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်မှု၊ တိုင်းပြည်၏ ရှေးဟောင်း ယဉ်ကျေးမှုကို တန်ဖိုးထားဂုဏ်ယူမှုတို့ကို ဖြစ်ပေါ်လာအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် သာမက မကွေးတိုင်းဒေသ ကြီး၏ အထင်ကရအထိမ်းအမှတ်နေရာ၊ ကမ္ဘာ့အမွေအနှစ်ဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ကိုပါ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။

အရှေ့တောင်အာရှတွင် အစောဆုံး မြို့ပြယဉ်ကျေးမှု (Civilization) သည် ပျူမြို့များဖြစ်ပြီး ၎င်းပျူမြို့များနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင်လည်း ယဉ်ကျေးမှု သမိုင်းအထောက်အထားများရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ်တနန်မြို့ရှိ Bheemunipatnam တောင်ကုန်းပေါ်ရှိ Thotlakonda Buddhist Complex သို့ သွားရောက် လေ့လာခဲ့ရာတွင်လည်း ပျူမြို့ဟောင်းများကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများပုံစံများ၊ ငွေဒင်္ဂါးပြားများနှင့် ယခု ဗိဿနိုးမြို့ဟောင်းတွင် ဧရိယာအကြီးဆုံးတူးဖော်ရရှိသည့် ဘာသာရေးအဆောက် အဦပုံစံနှင့် တူညီသည့် အဆောက်အဦပုံစံများကို တွေ့ရှိလေ့လာခဲ့ရကြောင်း၊ မိမိတို့နိုင်ငံရှိ ပျူမြို့ဟောင်းများ အပါအဝင် အခြားရှေးဟောင်း သမိုင်းဝင်နေရာများ၊ အဆောက် အဦများကို ထိန်းသိမ်းရာတွင် အခြားနိုင်ငံများ၏ ထိန်းသိမ်းဆောင်ရွက်နေမှုများမှ အတုယူသင့် သည်ကို အတုယူလုပ်ဆောင်သင့်ကြောင်း၊ သမိုင်းကို သိမှသာလျင် မိမိနိုင်ငံ၊ လူမျိုးတို့၏ ယဉ်ကျေးမှုကိုသိမည်၊ တိုင်းပြည်ကို ချစ်မြတ်နိုးမည်၊ တန်ဖိုးထားမည်ဖြစ်သည့်အတွက် သမိုင်းအမွေအနှစ်များကို မပျောက်ပျက်ရန်နှင့် ရေရှည်တည်မြဲမှုရှိစေရန် အစဉ်အဆက် ထိန်းသိမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ရှေးဟောင်းယဉ်ကျေးမှုသမိုင်းအမွေအနှစ်များနှင့် ပတ်သက်သည်များကို ပညာပေးထည့် သွင်းသင်ကြားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

 ယဉ်ကျေးမှုအဆင့်အတန်းမြင့်မား  

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ဒေါက်တာနန္ဒာမွှန်းတို့၏ ဖြည့်စွက်တင်ပြ ချက်များအပေါ် ဆက်လက်ဆွေးနွေးကြရာ ရှေးဟောင်းသုတေသန လုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ ရှေးဟောင်းသုတေသနအမြင်ဖြင့်သာမက ဘူမိဗေဒပညာရပ်အမြင်နှင့် ပထဝီပညာရပ်အမြင်တို့ဖြင့်ပါ ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ မြို့ပြ ယဉ်ကျေးမှုကို ပျူခေတ်(ဘီစီ ၃ ရာစု- ၂ ရာစု)က တည်းက စတင်ခဲ့ပြီး ၎င်းခေတ်ကတည်းက မိမိနိုင်ငံ၏ ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါဖြစ်မှု၊ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုတို့ကို စောစောဖော်ထုတ်၍ စုံစုံလင်လင် ပြသနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန်လိုကြောင်း၊ ပြည်တွင်း၊ ပြည်ပလေ့လာသူများ ပိုမိုများပြားစွာ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြသည်။

ခေတ်မီနည်းစနစ်များအသုံးပြု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်းပြသထားရှိသည့် ဗိဿနိုးမြို့ဟောင်းမြေပုံ၊ မြို့ ဝင်ပေါက် မြို့ရိုး၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ စာပေဆိုင်ရာအထောက်အထားများ၊ ပျူခေတ် အုတ်များ၊ တော်ဝင်ဗိသုကာများနှင့် ပျူခေတ်အသုံးအဆောင်ပစ္စည်းများ၊ ပြကွက်များကို တစ်ခုချင်းအသေးစိတ် စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဓာတ်ပုံများကို အရည်အသွေး ကောင်းမွန်ပြီး မြင်ကွင်းကျယ်သည့် ဓာတ်ပုံများဖြစ်ရန်နှင့် ခုနှစ်၊ သက္ကရာဇ်များ၊တူးဖော်ရရှိသည့် နေရာများကို အလွယ်တကူ လေ့လာသိရှိနိုင်ရေးအတွက် လည်း ရှင်းလင်းစွာ စာတန်းထိုးထားရန်လိုကြောင်း၊ ရှေးခေတ်လက်ရာ ဒင်္ဂါးပြားများ၊ လက်ဝတ်ရတနာများကို အနီးကပ်ကြည့်ရှု လေ့လာနိုင်ရေး ခေတ်မီနည်းစနစ်များ အသုံးပြု၍ LED Screen များဖြင့် လေ့လာကြည့်ရှု နိုင်အောင် ဆောင်ရွက်ပေးထားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားဆွေးနွေး သည်။

 အုတ်ရိုးများကိုကြည့်ရှုလေ့လာ   

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းအတွင်းရှိ KKG-2 ဘုန်းကြီး ကျောင်းပန္နက်ပုံရှိ အဆောက်အဦ၊ KKG-3 စေတီပန္နက်ပုံရှိ အဆောက်အဦ၊ KKG-4 ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်အဆောက်အဦ၊ BTO- 1၊   BTO- 2၊   BTO- 3၊  BTO- 4၊ BTO- 5 နန်းတော်ရာ အတွင်း၊ အပြင် အုတ်ရိုးများကို ကြည့်ရှုလေ့လာခဲ့ပြီး မြို့ဟောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို တစ်နေရာနှင့် တစ်နေရာ မြင်နိုင်ရန်၊ လျှောက်လမ်းများ၊ လမ်းညွှန်ဆိုင်းဘုတ်များကို စနစ်တကျ ပြုလုပ်ထားရှိရန်နှင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

မူဝါဒနှင့်အညီဆက်လက်ထိန်းသိမ်း   

အဆိုပါ ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်း ကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး မြောက်ဘက်တွင် ယင်းချောင်း၊ စတုံချောင်းနှင့် တောင်ဘက်တွင် တောင်ဦးချောင်း၊ ရန်ပယ်ချောင်းတို့ စီးဆင်းလျက်ရှိကာ စိုက်ပျိုးမြေကောင်းမွန်သော ယင်းလွင်ပြင်ဒေသနှင့် တောင်တွင်းကြီးလွင်ပြင်တို့ကို အမှီပြု၍ တည်ဆောက်ထားသည့် အေဒီ(၁) ရာစု မှ အေဒီ(၅)ရာစုအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့် မြို့ဟောင်းတစ်ခုဖြစ်ကြောင်း၊ ၁၉၀၅ ခုနှစ်တွင် မြန်မာနိုင်ငံရှေးဟောင်း သုတေသနဌာနမှ စူးစမ်းလေ့လာခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ရှေးဟောင်းကုန်းပေါင်း(၂၅) ကုန်းကို စနစ်တကျတူးဖော် သုတေသနပြုခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကုန်းပေါင်း(၄၁) ကုန်းကို ထပ်မံ တူးဖော်သုတေသနပြုခဲ့ပြီး မြို့ဟောင်းအတွင်း စုစုပေါင်း (၆၆) ကုန်းကို တူးဖော်သုတေသန ပြုခဲ့ပြီးဖြစ်ကြောင်း၊ ဗိဿနိုးမြို့ဟောင်းကို တူးဖော်မှုများစတင်စဉ် တူးဖော်မှု ကုန်းအမှတ်များကို ကုက္ကိုခွရွာအား အစွဲပြု၍ KKG ဟုအမည်ပေးခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်၍ ဗိဿနိုး BTO ဟူသော ကုန်းအမည် အတိုအမှတ်ကို ပြောင်းလဲသုံးစွဲခဲ့ကြောင်း၊ ရှေးဟောင်း သုတေသနဆိုင်ရာ သုတေသနပြုလေ့လာချက်များအရ ခိုင်မာစွာ တွေ့ရှိရသော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများကို ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး(၃)ရပ်ဖြင့် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး အဆိုပြုတင်သွင်းခဲ့ရာ ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံက “ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်ဒေသများအဖြစ် သတ်မှတ်ခဲ့ကြောင်း၊  ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများ ကို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ်ရန်၊ ထိန်းသိမ်းရန်၊ တိုးတက် ပြန့်ပွားအောင်ဆောင်ရွက်ရန်နှင့် ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးကို လေးစားချစ်ခင် မြတ်နိုးစေရန်ဟူသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်