နေပြည်တော် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ပန်းခြံ(၃)လမ်းနေ သန်းဦး(ဘ) ဦးမြဟန်သည် ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အတွင်း၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော် ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်းနှင့် ၎င်းတို့အား ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၇)ရပ်ကွက်၊ ဦးပုည(၁)လမ်းနေ ဆုရည်ပိုင်(ခ)မီးမီးသည် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက် ခြင်းနှင့် အကြမ်းဖက်အုပ်စုအား ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန် ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။