နေပြည်တော် ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တော်ကမာကျေးရွာအနီးရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်းဆောက်လုပ်ထားသည့် ရေး-မော်လမြိုင်သွား ရထားလမ်း၊ တံတားအမှတ် (၁၇၃) ရထားလမ်းသွား သံဘောင်ဘေလီတံတားအား ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေး-မော်လမြိုင်သွား ရထားလမ်းတံတားအမှတ် (၁၇၃)မိုင်တိုင်အမှတ် ၂၅၆ မိုင် ၁၈ ဖာလုံနှင့် ၂၁ ဖာလုံကြား အလျား ၆၀၀ ပေခန့်ရှိ သံဘောင်ဘေလီတံတား၏ အလယ်အူတိုင် အနီးသို့ အကြမ်းဖက်သမား အမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားအောက်ခံ ဘေလီဘောင် ၂ ချောင်းကွေး၍ တံတားဘေးကာ သံတိုင် ၂ ချောင်းပြတ်ထွက် ပျက်စီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲ၍ တံတားထိခိုက်ပျက်စီးမှု ကြောင့် ရေး- မော်လမြိုင်ရထားခရီးစဉ်အား ရပ်နားထားရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ လမ်းပန်းဆက်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားဖြတ်သန်းသွားလာသော သံဘောင်ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား အမြန်ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။