နေပြည်တော် ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် ကမာကြည်လမ်းထောင့်ရှိ ဇီဝက ကိုဗစ်- ၁၉ ရောဂါ ကုသရေးစင်တာသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စင်တာပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်