ရန်ကုန် ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ အလေးပြုခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့မှ နေပြည်တော်သို့ သယ်ဆောင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်မျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်ခန်းမ ဧည့်ခန်းမရှိ ငွေဖလားတွင် စိုက်ထူထားသော ပြည်ထောင်စု အလံတော်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးက တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသားတိုင်းရင်းသူများ ခြံရံသယ်ဆောင်၍ မြို့တော်ခန်းမ အလေးပြုခံစင်မြင့် ငွေဖလား၌ စိုက်ထူသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် အလံစောင့်အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုအလံတော်အား အလေးပြုကြ သည်။
ယင်းနောက် ပြည်ထောင်စုအလံတော်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူး တို့က ဝန်ထမ်းများခြံရံ၍ အဆင့်ဆင့် လက်ဆင့်ကမ်း လွှဲပြောင်းသယ်ဆောင်ကြသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူးက ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စု လှေပေါ်ရှိငွေဖလားတွင် စိုက်ထူပြီး အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံလျက် ပြည်ထောင်စုလှေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်လက်သယ်ဆောင်သည်။
ယင်းနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်ထောင်စုလှေဆိုက်ရောက်ရာ ပြည်ထောင်စုလှေပေါ်ရှိ ပြည်ထောင်စုအလံတော်အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်ထံသို့လည်းကောင်း၊ ၎င်းမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦးစိုးစိုးဇော်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အဆင့်ဆင့်လက်ဆင့်ကမ်း လွှဲပြောင်း သယ်ဆောင်ပြီး (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ထံသို့ လွှဲပြောင်း ပေးအပ်သည်။
ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့တော်ခန်းမမှ ဆူးလေဘုရားလမ်း၊ ဂျိုးဖြူလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်းမတစ်လျှောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင့်ဆင့် သယ်ဆောင်ရာ လမ်းတစ်လျှောက် တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အလံငယ်များဝှေ့ယမ်း၍ ပြည်ထောင်စုအလံတော်အား သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် ပြည်ထောင်စု အလံတော်သယ်ယူရေး အဖွဲ့သည် တပ်မတော်အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်ထံ ပြည်ထောင်စုအလံတော်ကို လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုအလံတော်အား နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ဝန်ထမ်းများခြံရံပြီး အဆင့်ဆင့် လက်ဆင့်ကမ်းလွဲပြောင်း သယ်ဆောင်၍ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရပ်နားထားသည့် ပြည်ထောင်စုလှေပေါ်ရှိ ငွေဖလား အတွင်း စိုက်ထူသည်။
ထို့နောက် ပြည်ထောင်စုအလံတော်ကို တပ်မတော်(ကြည်း၊ရေ၊လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် အလံစောင့်အဖွဲ့၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ ပြည်ထောင်စုလှေဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နေပြည်တော် မြို့တော်ခန်းမသို့ သယ်ဆောင်လာရာ လမ်းတစ်လျှောက်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်သား မိသားစုဝင်များ၊ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။
ယင်းနောက် ပြည်ထောင်စုလှေသည် နေပြည်တော်ရေပန်းဥယျာဉ်ရှေ့သို့ ရောက်ရှိရာ ပြည်ထောင်စုလှေပေါ်ရှိ ပြည်ထောင်စုအလံတော်အား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စုအလံတော်သယ်ယူရန် အသင့်စောင့် ကြိုနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ထံ လွဲပြောင်းပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့ က ဝန်ထမ်းများခြံရံ၍ နေပြည်တော်မြို့တော် ခန်းမသို့ အဆင့်ဆင့် လက်ဆင့်ကမ်း လွဲပြောင်း သယ်ဆောင်ကြသည်။
ထို့နောက် နေပြည်တော်မြို့တော်ခန်းမရှေ့၌ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်ထံ ပြည်ထောင်စု အလံတော်ကို လွဲပြောင်းပေးအပ်သည်။
ယင်းနောက် နေပြည်တော်မြို့တော်ဝန်က တပ်မတော် (ကြည်း၊ရေ၊လေ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူ များခြံရံ၍ ပြည်ထောင်စုအလံတော် ရပ်နားမည့် နေပြည်တော်မြို့တော်ခန်းမရှိ ငွေဖလား၌ ပြည်ထောင်စုအလံတော်ကို စိုက်ထူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုအလံတော်အား အလေးပြုကြသည်။