နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေး ပါတီများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီး ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ကချင်ပြည်နယ် အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ် အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်းဒေသကြီး အခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက်ပါတီ ၂ ပါတီ၊ မွန်ပြည်နယ် အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်ပါတီ ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေအခြေစိုက် ပါတီ ၄ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီတို့ကိုလည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်း ကြားထားကြောင်း သိရှိရသည်။