Skip to main content

တရားမဝင် သစ်မျိုးစုံနှင့် အချိုရည်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ခရီးသည် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ဝန်စည်များနှင့်အတူ ရောနှော တင်ဆောင်လာသော တရားဝင်စာရွက်စာတန်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အချိုရည်ဖာ (၁၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၅၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီ၊ ပြည်၊ တောင်ငူနှင့် ပဲခူးခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင်သစ်မျိုးစုံ (၂၁ ဒသမ ၆၂၃၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၇၅၅၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၇ ရက် နှင့် ၈ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ  အမှုတွဲ (၂) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၁၀၇,၅၅၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)