နေပြည်တော် ဖေဖော်ဝါရီ ၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့်ဗေဒါများ ဆယ်ယူဆောင်ရွက်ပြီးစီးမှုကို စက်လှေဖြင့် လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ညောင်ရွှေမြို့၊ Aureum Palace Resort ခန်းမ၌ပြုလုပ်သော အင်းလေးဒေသ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အင်းလေးကန်သည် အားလုံးဝိုင်းဝန်းဆောင်ရွက်ထားမှုကြောင့် သန့်ရှင်းနေပြီဖြစ်ပါကြောင်း၊ ပြည်သူ လူထုပါဝင်သော ခရီးသွားလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများ၊ ရေတို/ ရေရှည် မဟာဗျူဟာများဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တချိန် တည်းမှာပင် မိမိဒေသရှိ သဘာဝအမွေအနှစ်များကိုလည်း ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ အင်လေးကန်ကြီး ရေရှည်တည်တံ့ရန် အစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ရွာတွင် စိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက် အရည်အသွေး ထိန်းသိမ်းမှု လုပ်ငန်းလုပ်ကိုင်သည့် Namu International Co.,Ltd မှ ဆောင်ရွက်နေသည့် အင်းလေးဒေသရှိ ပိန်းပင်များကို သန့်စင် အခြောက်ခံ၍ နိုင်ငံခြားသို့တင်ပို့နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုအားပေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ Pine Hill Resort Hotel ၌ လုပ်ငန်းရှင် များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ကလောမြို့အား Tourist City အဖြစ် အဆင့်မြှင့်တင်နိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှလာမည့် ၂၀၂၂/၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေတိုးမြှင့်လျာထားပြီး ပင်မစီမံကိန်းနှင့်အတူ အထောက်အကူပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြမည်ဖြစ်ရာ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပူပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ မိမိမြို့ မိမိဒေသဖွံ့ဖြိုးတိုး တက်လာခြင်းဖြင့် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများအားလုံး ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)