နေပြည်တော် ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ကံမလေးကျေးရွာ အနီးတွင် တည်ဆောက် ပြီးစီးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ကံမလေးလျှပ်စစ် မြစ်ရေတင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရေတင် စခန်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။
ဧရာဝတီမြစ်ရေကို ရေတင်စက်များဖြင့် တင်ယူ၍ စိစစ်ပြီးစိုက်ပျိုးမြေ ဧက(၃၀၀)ကို အကျိုးပြုမည့် အဆိုပါ ကံမလေး လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကီလိုဝပ် ၁၇၀ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓါတ်အားနှင့် ပင်မဓါတ်အားလိုင်းမှ လျှပ်စစ်ကို အလှည့်ကျ အသုံးပြု၍ ရေတင်မော်တာများကို မောင်းနှင်ကာ အမြင့် ၄၁ ပေကျော်ရှိ ရေစုကန်နှင့် ရေသွယ်မြောင်းများမှတဆင့် ဒေသအတွက် စိုက်ပျိုးရေပေးဝေနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရေသောက်ဧရိယာအတွင်းရှိ တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့(WUG)များ ဖွဲ့စည်း၍ စိုက်ပျိုးရေများ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စပါးနှင့် မြေပဲသီးနှံကို လယ်ယာသုံး စက်ကိရိယာများ အသုံးပြုစိုက်ပျိုးရေး အပါအဝင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် စိုက်ပျိုးရေးသာမက အပိုဝင်ငွေရရှိရေးအတွက် မွေးမြူရေး လုပ်ငန်းများ တွဲဘက် လုပ်ကိုင်နိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒုရင်္ဂဗိုလ် လျှပ်စစ်မြစ်ရေတင် စီမံကိန်း သို့ရောက်ရှိကြပြီး သက်တမ်း ၃၄ နှစ်ကျော်ပြီဖြစ်၍ ရေတင်စက်များနှင့် ရေပေး အဆောက်အအုံများ ပြုပြင်မွမ်းမံရန် လိုအပ်ချက်များ၊ ပင်မဓါတ် အားလိုင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓါတ်အား အလှည့်ကျအသုံးပြုခြင်း အပါအဝင် လျှပ်စစ်မီး အလုံအလောက်အသုံးပြုနိုင်မည့် နည်းလမ်းများဖြင့် ဧက(၈)ထောင် ခန့်ရှိ ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးမြေများအားလုံး စိုက်ပျိုးရေ အပြည့်အဝ ပြန်လည် ပေးဝေနိုင်ရေး၊ သီးထပ် သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖေါ်ဝါရီ ၇ ရက် နံနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းရင်းကြက် မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦး လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိကြပြီး ရေအဝင်လမ်းကြောင်း သဲသောင်တူးဖော်ခြင်း လုပ်ငန်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ငါ့သရောက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် ဆိုလာ ၁၂၆၀ ချပ် တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦး စိုက်ပျိုးရေးသုတေသနခြံ၏ အပူပိုင်းဒေသနှင့် ကိုက်ညီသော သီးနှံမျိုးများဆိုင်ရာ သုတေသန လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)