နေပြည်တော်၊ ဖေဖော်ဝါရီ ၈
ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ သတင်း အချက်အလက်နည်းပညာကိုအခြေခံပြီး ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုနှင့် အခွန်စည်းကြပ် ကောက်ခံခြင်းကို လက်တွေ့စာတွေ့ ပေါင်းစပ်လေ့လာပြီး မိမိတို့ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာအမှန်ဖြင့် ဝန်ဆောင်မှုပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအပြည့်အဝရရှိရေး ဆောင်ရွက်ကြရာ၌ အခွန်ထမ်းပြည်သူများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေရေးကို အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ရပ် ဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဝန်ကြီးဌာနအောက်ရှိလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၇၉) ဦးတို့ကို ရက်သတ္တပတ် (၈) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)