နေပြည်တော် ဖေဖော်ဝါရီ ၇
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် မြန်မာ နိုင်ငံအဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ လမ်းဆုံများတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်ထောင်စုအလံတော် သယ်ဆောင်လာမည့် ရာဇသင်္ဂဟလမ်း တစ်လျှောက်တွင် မြန်မာနိုင်ငံ တော်အလံနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ အထိမ်းအမှတ် ပါအလံများ စိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားမှုများ၊ တိုင်းရင်းသား ရုပ်ပုံကားချပ်များ ဖြင့် အလှဆင်ထားရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း၊ မဟာဗန္ဓုလ ပန်းခြံအတွင်းရောင်စုံ အလှမီးများ ထွန်းညှိ ပြင်ဆင်ထားခြင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံအလှ မီးများပြင်ဆင်၍ ဂုဏ်ပြု ဆိုင်းဘုတ် စိုက်ထူထားခြင်း၊ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းနှင့် စမ်းချောင်း မြို့နယ် ဟံသာဝတီအဝိုင်းတို့၌ ရောင်စုံမီးအလှများ ဆင်ယင်ထားခြင်းနှင့် ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူ ထားခြင်းများဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြသည်။
အလားတူ အခြားပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး တွင်လည်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်