နေပြည်တော် ဖေဖော်ဝါရီ ၇
အိန္ဒိယနိုင်ငံ Ministry of New and Renewable Energy၊ Ministry of External Affairs၊ The Energy and Resources Institute (TERI) နှင့် ASEAN Centre for Energy (ACE) တို့ ပူးပေါင်း၍ Experience and Innovations for Integrated Renewables Market ခေါင်းစဉ်ဖြင့် SGE ASEAN-India High Level Conference on Renewable Energy အစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၌ သဘာဝ ဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၃ ရာခိုင်နှုန်းနှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ် များမှ ၁ ရာခိုင်နှုန်း ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့် နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ် ဓာတ်အားရရှိရေး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေစွမ်းအင် (Wind Energy) ကဲ့သို့သော ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အား ထုတ်လုပ်နိုင်ရေး ရည်မှန်းထားရှိ ပါကြောင်း၊ အဆိုပါ ရည်မှန်းချက် ပြည့်မီစေရေးအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်နိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၁၃ ခုကို စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ထို့အတူ မဂ္ဂါဝပ် ၃၉၀ ဓာတ်အား ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း သုံးခုကိုလည်း ထပ်မံ အကောင်အထည် ဖော်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံအနှံ့ ဖြစ်နိုင်သမျှ နေရာများတွင် FloatingSolar စီမံကိန်းများ၊ Rooftop Solar စီမံကိန်းများနှင့် အသေးစား၊ အလတ်စား ရေအား လျှပ်စစ်စီမံကိန်းများ ဆက်လက် ဆောင်ရွက် နိုင်ရေး အထူးကြိုးပမ်း လျက်ရှိပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့်လည်း လျှပ်စစ်ဓာတ်အားစနစ် ချိတ်ဆက် ရောင်းဝယ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံ ရည်မှန်းချက် ဖြစ်သည့် ၂၀၂၅ ခုနှစ် တွင် ဒေသတွင်းစွမ်းအင်သုံးစွဲမှု Total Primary Energy Supply (TPES) ၏ ၂၃ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ် များမှ ရယူသုံးစွဲနိုင်ရေး အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ကဏ္ဍပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်များ၊ ပြန်ပြည့် မြဲစွမ်းအင် (Renewable Energy) နည်းပညာ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ တက်ရောက်ကြသည့် အရာရှိကြီးများ၊ ပညာရှင်များက အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ပြန်ပြည့်မြဲ စွမ်းအင် (Renewable Energy) ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်