Skip to main content

မြေဆီလွှာအမျိုးအစားကို စနစ်တကျလေ့လာခွဲခြားပြီး ရေအရင်းအမြစ် အသုံးပြုနိုင်မှုပေါ်မူတည်၍ တိရစ္ဆာန်အစာပင်များ စနစ်တကျ တိုးချဲ့စိုက်ပျိုး

နေပြည်တော် ဖေဖော်ဝါရီ ၇

တိရစ္ဆာန်အစာပင်များ အမျိုးအစားအလိုက်အာဟာရ ပါဝင်မှုများ အပါအဝင် တိရစ္ဆာန် အစာနှင့်သက်ဆိုင် သော သုတေသနများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်သူအကျိုးရှိစေမည့် လက်တွေ့ အသုံးချ သုတေသနများဖြစ်စေရေးဦးစားပေးဆောင်ရွက်ရန် လိုကြောင်း ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ညောင်ဇောက်ကျေးရွာအုပ်စုရှိ သဖန်းခြံ၏ ဆိတ်မွေးမြူရေး သုတေသနနှင့် မျိုးထိန်း မျိုးပွားလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေး ပြောကြားသည်။

ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး

ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ခြံတာဝန်ခံတို့က ဆိတ်မွေးမြူရေးသုတေသနနှင့် ထိန်းမျိုးပွားလုပ်ငန်း ဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြကြရာ တင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သုတေသန နှင့် မျိုးပွားထုတ်လုပ်မှု ကွဲကွဲပြားပြားဖြစ်ရန် လိုကြောင်း၊ စီးပွားရေးတွက်ခြေကိုက်သည့် မျိုးပွား ဖြန့်ဖြူးမှုဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ရေရှားပါးသည့်ဒေသဖြစ်၍ ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေး အတွက် ရေသွယ်စနစ်၊ ရေပေးစနစ်များ ပြောင်းလဲရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပေါင်းစပ်၍ မြေဆီလွှာအမျိုးအစားကို စနစ်တကျလေ့လာခွဲခြားပြီး ရေအရင်းအမြစ် အသုံးပြုနိုင်မှု ပေါ်မူတည်၍ တိရစ္ဆာန်အစာပင်များ စနစ်တကျ တိုးချဲ့စိုက်ပျိုးရန် လိုကြောင်း၊ မိုးရေဆင်း သည့် ရေလမ်းကြောင်းများတစ်လျှောက်တွင် ကွန်တိုလိုင်းများဖြင့် စနစ်တကျမြေယာ ဖော်ထုတ်ရာ တွင် ရေထိန်း၊ ရေတားစနစ်များဆောင်ရွက်ပြီး မိုးရေကို စနစ်တကျစုဆောင်း အသုံးပြုရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စံပြရေကန်(၁) နှင့် စံပြရေကန်(၂) မွမ်းမံပြင်ဆင် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဝါသီးနှံစိုက်ဧရိယာတိုးချဲ့

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင် ရေလှောင်တမံအတွင်း ဝင်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါး၊ မိုးစပါး ထုတ်လုပ်မှုတွင် အထွက်နှုန်းလျာထားချက်ပြည့်မီ ကျော်လွန်ရေး၊ ဝါသီးနှံ စိုက်ဧရိယာတိုးချဲ့ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

သုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် ဆည်ပေါက်ဥယျာဉ်ခြံသို့ ရောက်ရှိကြပြီး စပျစ်နှင့်ဥယျာဉ်ခြံသီးနှံများ မျိုးသန့် မျိုးပွားထုတ်လုပ်နေမှု၊ တောင်သူပညာပေး လုပ်ငန်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆည်ပေါက်ဥယျာဉ်ခြံကို မျိုးသန့် မျိုးစေ့ပျိုးပင် ထုတ်လုပ်မှု သာမက စပျစ်နှင့်ပတ်သက်သည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်လိုကြောင်း၊ စပျစ်စိုက်စနစ်များ၊ မြေဆီဩဇာထက်သန်ရေး ဆိုင်ရာနှင့် သွင်းအား စုဆိုင်ရာ နည်းပညာပေး စံပြခြံအဖြစ် တောင်သူ ပညာပေး လုပ်ငန်းများကို စီမံချက်များရေးဆွဲပြီး ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။

ဆည်ပေါက်ဥယျာဉ်ခြံအနေဖြင့် စားပွဲတင်စပျစ်၊ ဝိုင်ပြုလုပ်သော စပျစ်၊ အသီးခြောက် ပြုလုပ်သော စပျစ်အမျိုးမျိုး၏ စိုက်ပျိုးစနစ်အမျိုးမျိုးနှင့် စိုက်ပျိုး ရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) ကျင့်စဉ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ နှင့်အကူအညီများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်