Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်သည့် စစ်တွေဆိပ်ကမ်းသို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ  ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် မြတ်ကြီး လှိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ အောင်စကြာမုနိ သိမ်တော်မြတ်ကြီးတွင် ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် စကြာမုနိသွန်းစက်တော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

လိုက်လံရှင်းလင်းပြသ

ဆက်လက်ပြီး စေတီတော်မြတ်ကြီး၏ လှိုဏ်ဂူတော်အတွင်း ဘက်စုံပြုပြင်မွမ်းမံထားရှိမှု၊ ဘုရားရင်ပြင်တော်နှင့် အောင်စကြာမုနိ သိမ်တော်ကြီးအား ပြုပြင်မွမ်းမံရန် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုကြရာ တာဝန်ရှိသူများက ပြုပြင်မွမ်းမံမှုများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် အဖွဲ့ဝင်များသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆိပ်ကမ်းရှင်းလင်းဆောင်၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ပြည်နယ်ဆိပ်ကမ်း အရာရှိချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက တည်ဆောက်ပြီးစီးသည့် ဆိပ်ခံတံတားနှင့် ကျောထောက်နောက်ခံ ဆိပ်ကမ်းအဆောက်အဦများ၊ စစ်တွေမြို့မှ ကုလားတန် မြစ်ကြောင်းတစ်လျှောက် ချင်းပြည်နယ်၊ ပလက်ဝမြို့ထိ သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ ချဉ်းကပ်တံတားပါဝင်သော ပလက်ဝဆိပ်ကမ်း တည်ဆောက်ခြင်း၊ ဆိပ်ကမ်းဝန်းအတွင်း ရုံးနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ စစ်တွေဆိပ်ကမ်း အဝင် ရေလမ်းကြောင်းနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြ အမှတ်အသားများ  တပ်ဆင်ထားရှိမှု အခြေအနေများ၊  ဆိပ်ကမ်းတွင်  ရေယာဉ်လမ်းကြောင်း တူးဖော်နေမှု အခြေအနေများ၊ ပလက်ဝမြို့မှ မြန်မာ-အိန္ဒိယနယ်စပ်အထိ အဝေးပြေး မော်တော်ကားလမ်း ဖောက်လုပ်မည့် အခြေအနေများအပါအဝင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် စစ်တွေဆိပ်ခံတံတားနှင့် ဆိပ်ခံတံတားအနီးတွင် သောင်တူးဖော်နေမှု အခြေအနေများ၊ ရေယာဉ်များ ဆိုက်ကပ်ထား ရှိမှုတို့အား ကြည့်ရှုကြသည်။

တိုက်ရိုက်ကုန်သွယ်နိုင်မည်

အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းသည် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်မည်ဖြစ်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်