နေပြည်တော် ဖေဖော်ဝါရီ ၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၊ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံမှတင်သွင်းသည့် ကုန်သေတ္တာနှစ်လုံး၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထား ခြင်းမရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်တွင် ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၆၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော တာဝန်ကျလှည့်ကင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေပူကျေးရွာအနီးတွင် (လိုင်စင်မဲ့) မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ယနေ့တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း ယာဉ်ငယ် စစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်တင်ဆောင်လာသော တရုတ်နိုင်ငံထုတ် စားသောက် ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၄၃ ဒသမ၂၀၂၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၇၉,၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲခြောက်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၁၆၁,၈၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်