နေပြည်တော် ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ၊ ပုလဲမြို့မရဲစခန်းအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော်ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်တွင် ရဲစခန်း၏ အရှေ့ဘက် လယ်ကွင်းများအတွင်းမှနေ၍ လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများသည် ရဲစခန်း၏ အနောက်ဘက် မြကုန်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများသည် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမြလေး (၆၃)နှစ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဦးမြလေး နေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များ မီးကူးစက် လောင်ကျွမ်းလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဦးမြလေးနေအိမ်ပါ အပြစ်မဲ့ပြည်သူနေအိမ် ၁၀ လုံးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ရဲတပ်ဖွဲ့စခန်းများအား တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများတို့၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။