နေပြည်တော် ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့လက်မှု အနုပညာစင်တာဖွင့်ပွဲ၊ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့လက်မှုအနုပညာစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာ့လက်မှုအနုပညာစင်တာကို မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်မှုအနုပညာလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးစေရန်၊ တိမ်ကောပပျောက်မှုမရှိစေရန်၊ မြန်မာ့လက်မှု အနုပညာယဉ်ကျေးမှုများ ရေရှည်တည်တံ့ စေရန်၊ ရိုးရာလက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်၊ နိုင်ငံတစ်ဝန်းရှိ လက်မှုအနုပညာများကို တစ်နေရာတည်းတွင် လေ့လာနိုင်ရန်၊ မြန်မာ့ လက်မှုထည်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်မြှင့်တင်ပေးရန်၊ အိမ်တွင်း တစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်တာ၌ ယွန်းထည်ပစ္စည်းများ၊ ရက်ကန်းထည် ပစ္စည်းများ၊ သစ်သားပန်းပုများ၊ ငွေထည် ကြေးထည် ပစ္စည်းများ၊ ပန်းချီကားများ၊ သစ်သား၊ ဝါး၊ ကျောက်မျက်များနှင့် ပြုလုပ်ထားသည့် ပန်းပုပစ္စည်းများ၊ ဝါးထည် ကြိမ်ထည်များ၊ ကနုကမာ၊ ခရုများနှင့် ပြုလုပ်ထားသည့် အလှဆင်ပစ္စည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှထွက်ရှိသည့် လက်မှုအနုပညာ ပစ္စည်းအမျိုးမျိုးကို ပြသရောင်းချသွားမည် ဖြစ်သည့်အတွက် မြန်မာ့လက်မှုအနုပညာများနှင့် အသက်မွေးဝမ်းကျောင်းသူများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ယခုကဲ့သို့သော ပြပွဲနှင့် ဈေးရောင်းပွဲတော်သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည့်အတွက် စင်တာရေရှည်တည်တံ့စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့လက်မှုအထည်များ ပြည်ပဈေးကွက်ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က မြန်မာ့လက်မှု အနုပညာစင်တာကို ဖဲကြိုးဖြတ်၍ ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြကာ စင်တာအတွင်း ခင်းကျင်းပြသရောင်းချသည့် ဆိုင်ခန်းများကို ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန် ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ဈေးရောင်းပွဲ(ရန်ကုန်)အတွင်း ခင်းကျင်း ပြသရောင်းချသည့် ဆိုင်ခန်းများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ရုံးသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး ရုံးသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း၍ ရန်ကုန်တိုင်းဒေသကြီး မိုးဦးပန်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ဒေသထွက်ကုန်အရောင်းဆိုင် ရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်