နေပြည်တော် ဖေဖော်ဝါရီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးရုံးတွင် ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဓိကလမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ထိန်းသိမ်းရေးအပိုင်းများကိုလည်း အဓိကထားဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာဖြင့် စေတနာထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီ ယာချုပ်တို့က သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့်အတူ ဆတ်ရိုးကျ တံတား ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပင်လယ်နှင့်နီးကပ်စွာ တည်ရှိသော တံတားဖြစ်သည့်အတွက် ပင်လယ်ဆားငံရေကြောင့် ပျက်စီးမှုမရှိစေရေး ကြပ်မတ်စစ်ဆေးပေးရန်နှင့် တံတားတိုင်များ၏ ကြံ့ခိုင်မှုကိုအမြဲမပြတ် ကြည့်ရှုစစ်ဆေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်