Skip to main content

ပန်းခင်းစီမံချက်ဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲသော ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများကို နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စုအချို့ သည် ဒေသအခြေအနေအရ သွားလာရန် ခက်ခဲသော်လည်း ထိုဒေသရှိ ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိသော နိုင်ငံသားတိုင်း ကတ်ပြား တစ်မျိုးမျိုး လက်ဝယ်ရရှိကိုင် ဆောင်နိုင်ရေးအတွက် နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီးပြုလုပ် ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကွတ်ခိုင်မြို့နယ် ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးသည်။

မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့် ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများက ကွတ်ခိုင်မြို့နယ်အတွင်း ဒေသအခြေအနေအရ သွားလာရန်ခက်ခဲသော ကောင်းခါးမန်ညိန်း ကျေးရွာအုပ်စု ပန်နိမ့်ကျေးရွာ၊ နမ့်ဖလွန်း ကျေးရွာအုပ်စုတို့မှ ဒေသခံ တိုင်းရင်းသားများဖြစ်သည့် တအောင်း(ပလောင်)၊ ကချင်၊ ခိုလုံလီနော်နှင့် မုန်းဝန်း(တရုတ်) လူမျိုးများကို ကွတ်ခိုင်မြို့နယ် ဦးစီးမှူးရုံးသို့ ခေါ်ဆောင်ပြီး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးသည်။

ယင်းနောက် ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက် နှင့်ပတ်သက်သော အသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်သော ဗဟုသုတမေးခွန်းများကို မေးမြန်းခြင်း၊ ဖြေဆိုနိုင်သူများ ကို ဆုငွေချီးမြှင့်ခြင်း၊ ဗလာမပါ ကံစမ်းမဲဖောက်ခြင်းနှင့် နေ့လယ် စာအဖြစ် ထမင်းကြော်နှင့် ရေသန့်ဘူးများကို ဝေငှပေးခဲ့ ကြောင်း သိရသည်။

လာရောက် ပြုလုပ်ကြသည့် ဒေသခံပြည်သူများထံမှ အသက် အကြီးဆုံးဖြစ်သော တအောင်း (ပလောင်)တိုင်းရင်းသား ဦးအိုက်ရီ (၇၆နှစ်)၊ ဦးစောငြိမ်း(၇၆နှစ်)နှင့် ဒေါ်အေးဆောင် (၈၈နှစ်)တို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကို ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက လက်ဝယ်အရောက် ပေးအပ် သည်။ ယနေ့လာရောက် ဆောင် ရွက်ကြသည့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စု ၄၂ စု၊ ပန်းခင်းစီမံ ချက်တွင် အကျုံးဝင်သည့် နိုင် ၃(က) ၁၆ ဦး၊ နိုင် ၆(က) ၁၇၂ ဦး၊ အသစ်လဲလှယ် ၂၆ ဦးနှင့် အခြား မိတ္တူ၊ လေးဦး စုစုပေါင်း ၂၁၈ ဦး ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်