Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဟင်္သာတအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဖေဖော်ဝါရီ   ၄

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မေးမြန်းမှတ်တမ်းတင်

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်၍ တွေ့ဆုံကာ အကျဉ်းသား တစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ၊ မရှိ၊ အကျဉ်းထောင် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ လာရောက်ပို့ဆောင်ပေးသော ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသည့် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သည်။

ယင်းနောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ သန့်ရှင်းမှု၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်း မှုရှိ၊ မရှိ၊ တိုက်ခန်းများ၊ ဆေးရုံခန်း၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေ၊ သုံးရေကန်များနှင့် စာကြည့်တိုက်တို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက် ထားရှိမှုနှင့် Quarantine ထားရှိ သည့် အဆောင်အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

လှူဒါန်း

ထို့နောက်အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် ၅၀၀ ကို ကော်မရှင်က လှူဒါန်းရာ အကျဉ်းထောင် တာဝန်ခံက လက်ခံရယူသည်။

ဟင်္သာတ အကျဉ်းထောင်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်