နေပြည်တော် ဖေဖော်ဝါရီ ၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ(၂)ရက် နံနက်ပိုင်းက နေပြည်တော်-တောင်ညို-မြို့သစ်-မကွေး-ကန်ပြား လမ်းတစ်လျှောက်နှင့် မိုင် (၁၄/၃-၁၄/၄) တွင် မြေထိန်းနံရံ ဆောင်ရွက်နေမှု၊ မိုင် (၂၂/၆)၊ မိုင် (၃၁/၀)တို့တွင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင် (၅၀ /၄) တွင် (၂၄)ပေ အကျယ် ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ကောင်းမွန်ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပြည်-မန္တလေးလမ်းတစ်လျှောက် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ(၃)ရက် နံနက်ပိုင်းတွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မကွေးတိုင်းဒေသကြီး သရက် (ပိတောက်ပင်)- မင်းလှလမ်းပေါ်ရှိ ဂွေးချိုတံတားဖွင့်ပွဲနှင့် သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မင်းတုန်းချောင်းတံတား (ရေနံ့သာ) ဖွင့်ပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား(သရက်-အောင်လံ) ချဉ်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ယင်းနောက် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)မှ ဆောင်ရွက်နေသည့် ဧရာဝတီတံတား (သရက်-အောင်လံ)စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိကြပြီး ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ကောင်းချိုနှင့် ညွှန်ကြားရေးမှူး ဦးဌေးအောင်တို့က တံတားတည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ် အထူးအလေးဂရုပြုရေး၊ သတ်မှတ်ချိန်ပြီးစီးရေးနှင့် အရည်အသွေး စံချိန်စံနှုန်း ပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တံတားအထူးအဖွဲ့(၃)မှ တည်ဆောက်ရန် ပြင်ဆင်နေသည့် ရန်ကုန်-ပြည်-မကွေး-မန္တလေး လမ်းပေါ်ရှိ ဝက္ကသေးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်နေရာအား မြေပြင်ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။
(သတင်းစဉ်)