မန္တလေး ဖေဖော်ဝါရီ ၄
ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) တိုင်းဒေသကြီး အဆင့်သင်တန်း(ဒုတိယသုတ်) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ချမ်းမြသာ စည်မြို့နယ်ရှိ သူနာပြုသင်တန်းကျောင်း (မန္တလေး)တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းများသည် ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို အခြေခံအကျဆုံးနေရာတွင်ပါဝင်သော အခြေခံကျန်းမာရေး ပညာရှင် တစ်မျိုးဖြစ်ကာ ရောဂါနှိမ်နင်းရေးလုပ်ငန်းတာဝန်များကို အဓိကထား ဆောင်ရွက်ရသော ကျန်းမာရေးဝန်ထမ်းများ ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပြီး ပြည်သူလူထုမှ အားကိုးအားထား ရသောနိုင်ငံ့ဝန်ထမ်းကောင်းကျန်းမာရေးဝန်ထမ်းများ ဖြစ်အောင်ကြိုးစားသွားကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသူ သင်တန်းသားများအတွက် သင်တန်းဆင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၀၇၀၀၀၀ ကျပ်ကို ပေးအပ်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က ကျေးဇူးတင် စကားပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား သင်တန်းသူများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်