နေပြည်တော် ဖေဖော်ဝါရီ ၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့သုံးထပ် လူနာဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြပြီး ပြည်ထောင်စုဝန်ကြီးက အဆိုပါ တိုးချဲ့သုံးထပ်လူနာဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ မကျန်းမမာဖြစ်လာလျှင် ကိုယ်ပိုင်ငွေစိုက် ထုတ်ရမှု အနည်းဆုံးဖြင့် အရည်အသွေးပြည့်ဝသည့် ဆေးကုသမှုများ ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး အခြေခံအဆောက်အဦများ (Health Infrastructure) ဖြစ်သည့် ဆေးရုံဆေးခန်းများ၊ အသစ်ဆောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံ လုံလောက်လာစေရေးစသည့် အခြေခံများ ခိုင်မာအားကောင်းလာစေရေးအတွက် အဘက်ဘက်မှ ဆောင်ရွက်လျက်ရှိကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားတိုးတက် စေရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြည်သူလူထု၏ လိုအပ်ချက်နှင့်အညီ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖြစ်သည့် ဆေးရုံဆေးခန်းများ တည်ဆောက်ခြင်းနှင့် တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဆေးရုံတိုးချဲ့ဆောင်များ တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်က ကျေးဇူးတင်စကားပြော ကြားကာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ် သူနာပြုသင်တန်းကျောင်းသို့ သွားရောက် ကာသင်တန်းသားများ သင်တန်းတက်ရောက် နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ငွေများပေးအပ် ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ် ဦးအောင်မြတ်ကျော်တန်ဆောင်းရှိ ကာကွယ်ဆေး ထိုးစုရပ်တွင် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှုအားပေးကြသည်။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကာကွယ်ဆေး လွှမ်းခြုံမှု ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ဟင်္သာတခရိုင်အနေဖြင့် ဖေဖော်ဝါရီ ၃ ရက်အထိ ကာကွယ်ဆေး လွှမ်းခြုံမှု ၆၄ ရာခိုင်နှုန်း ရရှိထားပြီး ဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒူးယားမြို့နယ်ရှိ ဆောက်လုပ်ဆဲဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အဆောက်အဦကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒူးယားတိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။
ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီး သုံးထပ်တိုးချဲ့ လူနာဆောင်သစ် ဖွင့်လှစ်လိုက်ခြင်းဖြင့် ဟင်္သာတ ဒေသခံပြည်သူများအတွက်သာမက ဧရာဝတီတိုင်း ဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်